မလေးရှားမှာ မြန်မာတွေအပါအဝင် အယောက် ၁ဝဝ ကျော် ဖမ်းဆီးခံရ

RFA Burmese
2024.01.07
မလေးရှားမှာ မြန်မာတွေအပါအဝင် အယောက် ၁ဝဝ ကျော် ဖမ်းဆီးခံရ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က မလေးရှားနိုင်ငံ ဆီလမ်ဂေါပြည်နယ်အတွင်း တရားမဝင် နေထိုင်နေသူများအား မလေးရှားရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးစဉ်။
Photo: Jabatan Imigresen Malaysia

မလေးရှားနိုင်ငံမှာ မြန်မာအများစုနေတဲ့ ဆီလမ်ဂေါပြည်နယ် ဆန်တိုဇာအရပ်က တိုက်ခန်းတွဲတွေကို ဇန်နဝါရီလ ၆ ရက်နေ့ ညပိုင်းက မလေးရှားရဲတွေ ဝင်စစ်ပြီး လူအယောက် ၁ဝဝ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

နေအိမ်တွေကို တစ်အိမ်တက်ဆင်း ဝင်စစ်ပြီး ကုလသမဂ္ဂ(UN) က ထုတ်ပေးထားတဲ့ နေထိုင်ခွင့်ကတ်မရှိဘဲ တရားမဝင်နေထိုင်နေတဲ့သူတွေကို ဖမ်းသွားတာလို့ ဆိုပါတယ်။

အဲဒီရပ်ကွက်ထဲမှာနေတဲ့ ချင်းလူမျိုးတစ်ယောက်က " ကျွန်တော်တို့အိမ်ကိုလည်း ဝင်စစ်ပေမဲ့ UN ကတ်ရှိတော့ အဖမ်းမခံရဘူး။ ကျွန်တော့်အသိ ချင်းတွေ အယောက် ၃ဝ လောက်ပါသွားတယ်။ မြန်မာတွေလည်း တော်တော်ပါတယ်။ တခြား တရားမဝင်နေနေတဲ့ နိုင်ငံခြားသားတွေလည်း ပါတယ်" လို့ RFA ကိုပြောပါတယ်။

၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကစပြီး "အော်ပရာဇီစစ်ဆင်ရေး" အဖြစ် တရားမဝင်နေထိုင်တဲ့သူတွေကို ရှောင်တခင်ဝင်စစ်ပြီး ဖမ်းဆီးမယ်လို့ မလေးရှားရဲတပ်ဖွဲ့က ကြေညာထားတယ်လို့လည်း ပြောပါတယ်။

မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကလည်း မနေ့ညက ဆန်တိုဇာတိုက်ခန်းထဲဝင်ရောက်ရှာဖွေချိန်မှာ တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသား ၁ဝ၆ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်နိုင်ငံက နိုင်ငံသားတွေပါတယ်လို့ ဖော်ပြထားပါတယ်။ သူတို့တွေကို လတ်တလော ဒေသတွင်းထောင်မှာဖမ်းဆီးထားပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ အရေးယူသွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

မလေးရှားရဲတပ်ဖွဲ့ဟာ ဒီနေ့ညပိုင်းမှာလည်း မြို့တော်ကွာလာလမ်ပူက ရပ်ကွက်တွေထဲ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ လုပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။