လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် မိုင်ဂျာယန်မှာ ဆုတောင်းပွဲလုပ်

2022.10.26
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် မိုင်ဂျာယန်မှာ ဆုတောင်းပွဲလုပ် စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသူများအတွက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ညက မိုင်ဂျာယန်ရှိ အနုပညာရှင်များနှင့် လူငယ်များက သတိရဆုတောင်းပေးနေကြစဉ်။
Photo: Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် KIA ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားကြတဲ့ အနုပညာရှင်တွေ၊ ဒေသခံပြည်သူတွေနဲ့ KIO အမှုထမ်းတွေအတွက် သတိရဆုတောင်းပေးတဲ့ အစီအစဉ်ကို အောက်တိုဘာ ၂၅ ရက် မနေ့ညက မိုင်ဂျာယန်မှာရှိတဲ့ အနုပညာရှင်တွေနဲ့ လူငယ်တွေ စုပေါင်းပြုလုပ်ခဲ့ပါတယ်။

သေဆုံးသွားသူတွေအတွက် စစ်အာဏာရှင်ကိုဆန့်ကျင်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ တော်လှန် သွားမယ်လို့ အစီအစဉ် ဦးဆောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျနော်တို့အားလုံးက မကျေနပ်ကြဘူး။ ဝမ်းနည်းတယ်။ ကျနော်တို့လည်း တတ်နိုင်တဲ့ ဘက်က စကစကို တော်လှန်သွားမယ် ”

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ညက KIO တည်ထောင်ခြင်း (၆၂) နှစ်မြောက်နေ့ အထိမ်းအမှတ်အကြို စတိတ်ရှိုးအစီအစဉ်ကို အနန့်ပါရွာမှာ ပြုလုပ်နေချိန် စစ်ကောင်စီက လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း ၇၀ ကျော် သေဆုံးပြီး ဒဏ်ရာ ရရှိသူ တစ်ရာကျော် ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို အကြိမ်ကြိမ်တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် ကချင် လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၉ နယ်မြေကို လိုအပ်သလို စစ်ဆင်ရေး တွေ တန်ပြန်ဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေမှာ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူတွေနဲ့ အနုပညာရှင်တွေ သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလ သာဖြစ်ပြီး သေဆုံးသူ တွေဟာ KIO တပ်မဟာမှူးအဆင့်ရှိတဲ့ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူးအဆင့်ရှိတဲ့ ဇယ်တောင်၊ တိုက်နယ်မှူးအဆင့်ရှိတဲ့ ဒူကဘာလအောင်၊ သယံဇာတတိုင်းတာရေးတာဝန်ခံဖေရန် အပါအဝင် ကေအိုင်အေနဲ့ PDF အဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KIO ဗဟိုကတော့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အနန့်ပါ (Anang Pa) ဟာ ကေအိုင်အေ စခန်း မဟုတ်ဘဲ ခရီးသွားပြည်သူတွေ ခေတ္တခဏ အနားယူကြတဲ့ ဈေးဆိုင် တန်းစခန်းငယ် နေရာဖြစ်တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။