မဘသကို ဖျက်ခိုင်းတာမဟုတ်ဘူး လို့ ဦးဆောင်ဆရာတော် သုံးသပ်
2017.05.24

မနေ့က မြန်မာနိုင်ငံ သံဃမဟာနာယက ကထုတ်ပြန်တဲ့ ကြေညာချက်ဟာ မဘသအဖွဲ့ကို ဖျက်သိမ်းခိုင်းတာ မဟုတ်ဘူးလို့ သုံးသပ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟိုဦးဆောင် ဆရာတော် ဦးသောပါ က ကမိန့်ကြားပါတယ်။
အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ အမည်ကို မသုံးစွဲကြဖို့နဲ့၊ တနိုင်ငံလုံးမှာရှိတဲ့ မဘသ ဆိုင်းဘုတ်တွေကို ဇူလိုင်လ ၁၅ ရက်နေ့မှာ အပြီးဖြုတ်သိမ်းဖို့သာ ပါဝင်တဲ့အတွက် မဘသ အဖွဲ့ကို ဖျက်သိမ်း ခိုင်းတာ မဟုတ်ဘူးလို့ ဦးသောပါက ကမိန့်ကြားပါတယ်။
မဘသ အဖွဲ့ဟာ သံဃ စည်းမျဉ်း အခန်း ၂ အပိုဒ် ၄ နဲ့ ညှိစွန်းနေတဲ့အကြောင်း မဟန ဆရာတော်တွေ က ထောက်ပြသွားပေမယ့် မဘသ အဖွဲ့ဟာ သံဃာ့ဂိုဏ်း ၉ ဂိုဏ်းကနေ ခွဲထွက် ဖွဲ့စည်းထားတာ မဟုတ်ဘူးလို့ ဦးသောပါက ကမိန့်ပါတယ်။
မနေ့က သံဃမဟာနာယက အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အချက်လေးချက်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့အစည်း အမည်ခံ ပုဂ္ဂိုလ်တွေအနေနဲ့ တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ မဘသ အဖွဲ့အစည်း အမည်ကို မသုံးစွဲဖို့ပါရှိပါတယ်။
ဒါ့အပြင် မြန်မာတနိုင်ငံလုံးမှာ စိုက်ထူထားတဲ့ မဘသ ဆိုင်းဘုတ်တွေကို ဇူလိုင်လ ၁၅ ရက်နေ့အပြီး ဖြုတ်သိမ်းဖို့နဲ့၊ အဲဒီအချက် ၂ ချက်ကို မလိုက်နာတဲ့ ရဟန်းပုဂ္ဂိုလ်ကို သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂ဝ/၉ဝ နဲ့ အရေးယူဖို့၊ လူပုဂ္ဂိုလ်ဖြစ်မယ်ဆိုရင် သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့ အရေးယူဖို့နဲ့၊ ဒီဆုံးဖြတ်ချက်တွေ အတိုင်း ပြည်ထဲရေး ဝန်ကြီးဌာနက အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ ပါဝင်ပါတယ်။