7 Day ဂျာနယ်ဖော်ပြချက် မဘသအဖွဲ့ ကန့်ကွက်


2016.01.16
bagan-620.jpg မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှှုထွန်းကားရာ ပုဂံဒေသကို မြင်တွေ့ရစဉ်
Photo: RFA

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ထုတ်  7 Day News Journal မှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ပုဂံဘုရားပွဲ အသစ်နဲ့ပုဂံအမြင်သစ် ဆောင်းပါးမှာ ပုဂံဘုရားပုံတွေကို အိမ်သာအိုးပုံနဲ့ ယှဉ်တွဲဖော်ပြထားတဲ့အတွက်ဆိုပြီး အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

အဲ့ဒီသရုပ်ဖော်ပုံဟာ အမျိုးဘာသာသာသနာတစ်ရပ်လုံးကို စော်ကားခဲ့တဲ့လုပ်ရပ်ဖြစ်တာကြောင့် တရားစွဲဖို့အထိ ပြင်ဆင်နေတယ်လို့ အမည်မဖော်လိုတဲ့ မဘသအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ပြောပါတယ်။

"အခုအခြေအနေကတော့ တရားစွဲမယ့်သဘောပဲရှိတာပေါ့လေ၊ ဘာကြောင့်လဲဆိုတော့ ဒါသည် မဘသနဲ့ ချည်းပဲဆိုင်တာ မဟုတ်ဘူးပေါ့နော်၊ တစ်နိုင်ငံလုံးမှာရှိသမျှ ဗုဒ္ဓဘာသာဝင်တွေ အားလုံးနဲ့ ဆိုင်ပါတယ်၊ ဒီဆောင်းပါက တကယ့်တကယ်ကျတော့ ဒီလောက်ကြီးထိ အိမ်သာကမုတ်ကြီးနဲ့ ဘုရားတွေနဲ့ တွဲပြီးတော့ ပြစရာမလိုဘူးလေ၊ သာမန်အားဖြင့် ပုဂံညောင်ဦးဆိုရင် ပုဂံညောင်ဦး မုဒ်ဦးလေးနဲ့ အိမ်သာကမုတ်နဲ့ ဒါဆိုရင် ပြဿနာမရှိဘူး၊ အခုဟာက ပုဂံညောင်ဦးဘုရားတွေနဲ့ အိမ်သာကမုတ်ကြီးနဲ့ တွဲပြီးပြထားတာ ဒါတော်တော်ပုံဆိုးတယ်"

လာမယ့်အပတ်ထုတ်  7 day news ဂျာနယ်မှာလည်း တောင်းပန်စာထပ်မံထည့်သွင်းသွားမှာ ဖြစ်တယ်လို့ 7 Day News ဂျာနယ်ရဲ့ ဒုတိယအယ်ဒီတာချုပ် ကိုအားမာန်က ပြောပါတယ်။

"သရုပ်ဖော်ပုံ ပါခဲ့တာက ပြီးခဲ့တဲ့အပတ် ဂျာနယ်မှာပါခဲ့တော့လေ၊ လာမယ့်အပတ်ထွက် ကျနော်တို့ ဂျာနယ်မှာ အဲ့ဒီပုံနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ သရုပ်ဖော်ရာမှာ မရည်ရွယ်ဘဲနဲ့ အဲ့ဒီလိုဖြစ်သွားတာ၊ တချို့လည်း အဲ့ဒီလိုဖြစ်တော့လေ၊ ကျနော်တို့လည်း ပေါ့ဆတဲ့အပိုင်းဖြစ်တယ်၊ အဲ့ဒါကို ပြန်ပြီးတော့ ကျနော်တို့ တောင်းပန် တဲ့ဟာ ဖော်ပြဖို့ပြင်ထားပါတယ်ဗျ"

အဲ့ဒီဆောင်းပါးဟာ နိုင်ငံခြားသား ခရီးသွားတွေများတဲ့ ပုဂံဒေသမှာ အများသုံးသန့်စင်ခန်းတွေ သန့်ရှင်းမှု မရှိတဲ့အတွက် ခရီးသွားတွေ အဆင်ပြေမှုမရှိတာကို ရေးသားထားတာ ဖြစ်ပါတယ်။

ဆောင်းပါးပါသရုပ်ဖော်ပုံနဲ့ပတ်သက်ပြီး အမြင်မတော်မှုများရှိခဲ့တဲ့အတွက် တောင်းပန်ကြောင်း ဒီနေ့ထုတ်ဝေတဲ့ 7 day သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်းလူသတ်မှုကြောင့် သေဒဏ်ချမှတ်ခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့နှစ်ဦး လွတ်မြောက်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့တွင်း ဆန္ဒပြတောင်းဆိုခဲ့မှုတွေကို မဘသ အဖွဲ့က ဦးဆောင်ကျင်းပခဲ့တယ်ဆိုပြီး 7 Day News သတင်းစာအနေနဲ့ သုံးနှုန်းခဲ့တာတွေရှိခဲ့တယ်လို့လည်း မဘသအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။