ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးမှာ အခက်အခဲရှိကြောင်း ကုလပြော


2013.11.22
rakhine-mother-305.jpg စစ်တွေမြို့မှာရှိတဲ့ ရခိုင်ဒုက္ခသည် စခန်းတစ်ခုမှာတွေ့ရတဲ့ အမျိုးသမီးနဲ့ ကလေးများပုံ
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေအပေါ် ဒေသခံတွေရဲ့ အထင်အမြင်လွဲမှားမှုတွေ ရှိနေတာကြောင့် အဖွဲ့အစည်းတွေရဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း စစ်တွေအခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA မှ တာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြော ပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေဟိုတယ်မှာ RFA ရဲ့ သီးသန့်မေးမြန်းမှုမှာ ခုလို ပြောခဲ့တာပါ။
စစ်တွေအခြေစိုက် UNOCHA ရဲ့ ပြင်ပဆက်ဆံရေးအရာရှိ Mr. Jon Bugge က စကားပြန်ကတစ်ဆင့် အခုလိုပြောပါတယ်။

“အစိုးရအနေနဲ့ ရေရှည်စီမံချက်တစ်ခု ရေးဆွဲနေတဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာရှိတဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေ လတ်တလောရင်ဆိုင်နေရတဲ့ အဓိကအခက်အခဲတွေကတော့ အဖွဲ့အစည်းတွေက ဘယ်လိုအကူအညီပေးတယ်၊ ဘယ်သူတွေကို အကူအညီပေးတယ် ဆိုတဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့အမြင် လွဲမှားမှုဖြစ်ပါတယ်”

ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး ဒေသခံတွေကို ကူညီနေကြတဲ့  ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေအပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ မိမိတို့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အရင်ကထက်ပိုပြီး သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာချပြပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေ၊ လိုအပ်ချက်တွေကို နားထောင်ပေးဖို့လိုအပ်သလို ပြည်သူလူထုနဲ့ ဆက်သွယ်ရေးကိုလည်း ပိုကောင်းအောင် လုပ်ဖို့လိုအပ်တယ်လို့ Mr. Jon Bugge က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေက အကူအညီပေးတဲ့ အစီစဉ်တွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား မျှတမှုမရှိဘူးလို့ ရခိုင်တိုင်းရင်းသားတွေက ပြောဆိုဝေဖန်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။