မြင်းခြံခရိုင်က ဒေသခံတစ်ဦး စစ်ကြောရေးမှာ ၂၄ နာရီအတွင်း သေဆုံး

2021.08.19
မြင်းခြံခရိုင်က ဒေသခံတစ်ဦး စစ်ကြောရေးမှာ ၂၄ နာရီအတွင်း သေဆုံး မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ကန်ရွာ မြေပုံကို တွေ့ရစဉ်
Photo: Google Map

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ကျောက်ကန်ရွာက အသက် ၃၀ အရွယ် ကိုသက်နိုင်ဦးဟာ ဩဂုတ်လ ၁၈ ရက် မနေ့ညပိုင်းက ဖမ်းဆီးခံရပြီးတဲ့နောက် ဒီကနေ့ ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာတော့ ကျေးရွာသင်္ချိုင်းကို ရုပ်အလောင်းအဖြစ်သာ စစ်တပ်က ပြန်ပို့ပေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကိုသက်နိုင်ဦးဟာ ဩဂုတ်လ ၁၈ ရက် ည ၈ နာရီဝန်းကျင်လောက်က ပျုစောထီးအဖွဲ့နဲ့ စစ်သားတွေ တပ်စွဲထားတဲ့ ကျေးရွာစာသင်ကျောင်းနဲ့ အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ရှေ့ကနေ ဆိုင်ကယ်နဲ့ ဖြတ်သွားချိန်မှာ စစ်သားတွေက စစ်ဆေးဖို့ ရပ်တန့်ခိုင်းပြီးတဲ့နောက် ဖမ်းဆီးခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"သူတို့ရှေ့ ဆိုင်ကယ်စီးကြမ်းလို့ ဖမ်းတာလို့ ကြားတယ်။ ဒီ့အပြင် ဘာမှပြဿနာတော့ မရှိဘူး။ ကောင်လေးအိမ်နဲ့ သိပ်မဝေးပါဘူး။ ဝါးသုံးလေးပြန်လောက်ပဲ ဝေးတာ။ ကောင်လေးအိမ်နဲ့ တပ်စွဲနေတဲ့ ကျောင်းနဲ့။ အလောင်းကို တခြားက လာပို့တာ မဟုတ်ဘူး။ ကျောင်းဝင်းထဲကနေ သင်္ချိုင်းကုန်းကို ပို့တာ"

ကိုသက်နိုင်ဦးရဲ့ ရုပ်အလောင်းကို စစ်တပ်က ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ ရွာက ကျောက်ကန်သင်္ချိုင်းကို ပို့ဆောင်ခဲ့ပြီး မိသားစုကိုလာကြည့်ဖို့ အကြောင်းကြားခဲ့တယ်လို့ သူက ဆိုပါတယ်။

ရုပ်အလောင်းရဲ့ မျက်နှာနဲ့ ဦးခေါင်းတို့မှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့ခဲ့တယ် လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကျောက်ကန်ရွာသား ကိုသက်နိုင်ဦးဟာ ရွာမှာ ကျပန်းလုပ်ကိုင်နေတဲ့ လက်လုပ်လက်စား သာမန်အရပ်သား တစ်ယောက်ဖြစ်ပြီး၊ အသတ်ခံရချိန်မှာ ဇနီးဖြစ်သူနဲ့အတူ မူကြိုအရွယ် သားသမီး သုံးယောက် ကျန်ခဲ့တယ်လို့ လည်း မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

သူ့ကို ဘာ့ကြောင့် စစ်သားတွေနဲ့ ပျူစောထီးအဖွဲ့က ၂၄ နာရီအတွင်း အသက်သေစေလောက်အောင် ညှဉ်းပန်းနှိပ်စက်ခဲ့သလဲဆိုတာကို အတိအကျ မသိရသေးပါဘူး။

ဒီကိစ္စ အသေးစိတ်သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိမှာတော့ ကိုသက်နိုင်ဦးကို သင်္ဂြိုဟ်ဖို့အတွက် မိသားစုဝင်တွေနဲ့ ဆွေမျိုးသားချင်းတွေကို စောင့်ဆိုင်း နေပြီး ဒီကနေ့ ဩဂုတ် ၁၉ ရက် မွန်းလွဲ ၃ နာရီမှာ ရွာသင်္ချိုင်းမှာပဲ သင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။