ပြင်ဦးလွင်မှာ စစ်တပ်က ဖမ်းဆီးထားသူတစ်ဦး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ စစ်တပ်နည်းပညာတက္ကသိုလ် ဂိတ်ပေါက် အမှတ် (၃) မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ညက ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရတဲ့ ကိုလင်းထင်စိုးကို မိသားစုက ဒီနေ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ပြောပါတယ်။
ကိုလင်းထင်စိုး ကို အခင်းဖြစ်တဲ့နေ့က ည ၁၀ နာရီလောက်မှာ စစ်ဆေးစရာရှိတယ်ဆိုပြီး စစ်သားတွေ ရောက်လာပြီး ပြင်ဦးလွင်မြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ လာရောက်ဖမ်းသွားတာလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
" ဗုံထုခံရပြီး အဲဒီနားက တွေ့တဲ့ဖုန်းမှာ ကိုလင်းထင်စိုး နာမည်တွေ့လို့ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ သူနဲ့အတူ သူစီးနေကျ ကားနဲ့ ပိုက်ဆံ ငါးသိန်း ပါသွားတယ်။ သူက ဆန္ဒပြပွဲတွေ လုပ်တုန်းကတော့ တောင်သူလယ်သမားသမဂ္ဂအဖွဲ့အနေနဲ့ ဆန္ဒပြတာတွေလုပ်ခဲ့ပေမယ့် အခုနောက်ပိုင်း မိသားစုနဲ့ အေးအေးဆေးဆေး နေတာပါ။ စစ်တပ်က အရင်ကလည်း ရန်ကုန်၊ နေပြည်တော်တွေမှာ ဗုံးပေါက်လို့ ဖမ်းတယ်ဆိုရင်လည်း ထင်ယောင်ထင်မှားနဲ့ မှားယွင်းပြီးတော့သာ ဖမ်းနိုင်တာပါ "
ဖမ်းဆီးခံထားရတဲ့ ဒီနေ့ဆို ခြောက်ရက်ရှိပြီ ဖြစ်ပေမယ့် သူ့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာ ကိုလည်း စုံစမ်းရခက်ခဲနေတယ်လို့ ဆိုပါတယ်။
ကိုလင်းထင်စိုးဟာ မြန်မာနိုင်ငံ တံခွန်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ချုပ်ရဲ့ မန္တလေးတိုင်း ဥက္ကဌ ဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြင်ဦးလွင်မြို့နယ်ကနေ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
ကိုလင်းထင်စိုးရဲ့ အကိုကတော့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း ဖြစ်ပြီး သူ့ကိုလည်း မိုင်ဂျာယန်အနီးက KIA စခန်းမှာ ဖွင့်လှစ်တဲ့ စစ်အခြေခံနဲ့ ဖောက်ခွဲရေး သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။