လက်ပံတောင်းကြေးနီစီမံကိန်းက ကြေးနီသယ်လာတဲ့ကားတွေ တိုက်ခိုက်ခံရ
2024.05.13
စစ်ကိုင်တိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ မေလ ၁၀ ရက်နေ့က ကြေးနီတွေတင်ဆောင်လာတဲ့ ယာဉ်တန်းကို မုံရွာ-မန္တလေး ကားလမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ယာဥ်ရှစ်စီးပါတဲ့ ကားတန်းကို မြင်းမူမြို့နယ် ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်လို့ ကားနှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြင်းမူအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“မိုင်းထိတာတော့ ကားနှစ်စီး။ နောက်ခန်းကို ထိတာ။ တကယ်လို့ ရှေ့ခန်းကိုထိရင်တော့ အဲဒီနားတင် ချက်ချင်းရပ်သွားမှာ။ ခုက ကားတွေအကုန်လုံး မောင်းသွားကြတာ။ ဒီနေ့ဆိုလို့ရှိရင် ကြေးနီကားတွေ မြင်းမူကို ဖြတ်တော့မှာ။ လမ်းပေါ်မှာ ကင်းပုန်းတွေ အများကြီးပဲ။ ဒီလထဲမှာဆိုရင်ကို ကြေးနီကားတွေဖြတ်တာ သုံးခေါက်ရှိပြီပေါ့။ ပြီးခဲ့တဲ့ တစ်နှစ်လောက်နီးပါးက လုံးဝ ကြေးနီကားမဖြတ်ဘူး”
မေလ ၁၃ ရက် ဒီနေ့မနက်မှာလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ကြေးနီတွေ သယ်ဆောင်လာတဲ့ကား ၁၃ စီးနဲ့ လုံခြုံရေးပေးတဲ့ကား သုံးစီး၊ မုံရွာကနေ မန္တလေးကို ထွက်ခွာလာတယ်လို့ သူက ပြောပါတယ်။
မေလ ၁ ရက်နေ့ကလည်း အဲဒီစီမံကိန်းထဲကနေ ကြေးနီတန်ချိန် ၅၄၀ နီးပါး သယ်ဆောင်လာတဲ့ ကား ၁၆ စီးပါတဲ့ ယာဥ်တန်းဟာ ချောင်းဦးမြို့နယ်နဲ့ မြင်းမူမြို့နယ်ကြားက ဂွေးပင်တောရွာအနီးမှာ တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ ကားနှစ်စီးတိမ်းမှောက်ပြီး တရုတ်နိုင်ငံသား တစ်ဦးနဲ့ ယာဥ်မောင်း တစ်ဦးတို့ ဒဏ်ရာရသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
အခုမေလဆန်းပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွေရှိတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီ လုပ်ငန်းခွင်ထဲကို တရုတ်နိုင်ငံသား ရှစ်ဆယ်နီးပါး ထပ်ရောက်လာပြီး စီမံကိန်း ဆက်လက်လည်ပတ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။