လောင်းလုံးမှာ ရွာသုံးရွာ မီးရှို့ခံရပြီး ဒေသခံတွေ ထွက်ပြေးနေရ
2023.03.21
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက ရွာသုံးရွာကို မတ်လ ၂၀ ရက်နေ့ နဲ့ ၂၁ ရက်နေ့ အတွင်း စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၁ ရက်နေ့မှာ အောက်ကျောက်ဝပ်ရွာနဲ့ ညောပြင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနက် ၈ နာရီလောက်ကတည်းက အောက်ကျောက်ဝပ်ဘက်ကို သူတို့ (စစ်ကောင်စီတပ်) တောနင်းပြီးတော့ ဆင်းသွားတယ်။ အောက်ကျောက်ဝပ်ကနေ တောလမ်းအတိုင်းဆင်းပြီး ညောပြင်ရွာကို ဆင်းချတယ်။ တစ်ရွာလုံးနီးပါးကို လက်ရှိကတော့ မီးတင်ရှို့ခံထားရတယ်။ အခြေအနေကတော့ အသေးစိတ် မသိရသေးဘူး"
မတ်လ ၂၀ ရက်နေ့မှာလည်း သပြေရှောင်ရွာက အလုပ်စခန်းလို့ ဒေသခံတွေခေါ်တဲ့ ရေလုပ်သားတွေရဲ့ ယာယီတဲတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
မီးရှို့ခံရတာကြောင့် အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ ညောပြင်ရွာမှာ ၉၆ အိမ်၊ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ အောက်ကျောက်ဝပ် ရွာမှာ ၅၀ ခန့် ပျက်စီးခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) ရဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
လက်ရှိ အောက်ကျောက်ဝပ်ရွာက ဒေသခံ ၈၀၀ ခန့်နဲ့ ညောပြင်ရွာက ဒေသခံ ၅၀၀ ခန့်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သပိတ်ကော်မတီ တာဝန်ရှိသူက ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ ဦးယဉ်ထွေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒါပေမဲ့ အခုလို စစ်ကြောင်းထိုးတာဟာ လုံခြုံရေးအရ နယ်မြေစိုးမိုးရေး လုပ်ဆောင်တာလို့ ဦးယဉ်ထွေးက RFA ကို မတ်လ ၁၁ ရက်နေ့က ပြောခဲ့ဖူးပါတယ်။
မတ်လ ၁၄ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာကို စစ်ကောင်စီ တပ်သားတွေဝင်ရောက်လာပြီး ဒေသခံအမျိုးသားခြောက်ဦးကို သတ်ဖြတ်ခဲ့သလို မတ်လ ၁၀ ရက်နေ့ကလည်း ပညစ်ရွာဟာ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Southern Monitor က စုစည်းထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တနင်္သာရီတိုင်းအတွင်း နေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံရသလို အရပ်သား ၃၉၄ ဦး သေဆုံးကာ ၁၄၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။