လားရှိုး နမ့်ပေါင်တိုက်နယ်မှာ တိုက်ပွဲဖြစ်


2019.08.28
lashio-refugees-622.jpg ပစ်ခတ်မှုတွေကြောင့် နမ့်ပေါင်ရွာသားတွေ ဘုန်းကြီးကျောင်းမှာ ၂၀၁၉၊ သြဂုတ် ၂၈ ရက်နေ့က လာရောက်ခိုလှုံနေကြစဉ်
ဓါတ်ပုံ - ကံသာ/ RFA

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် အခြေစိုက် ခလရ ၂၉၁ တပ် ကို မြောက်ပိုင်း သုံးဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကျေးရွာသား ငါးရာကျော်ဟာ နမ့်ပေါင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့နီးစပ်တဲ့ ဆွေမျိုးတွေ နေအိမ်မှာ ထွက်ပြေးခိုလှုံနေကြပါတယ်။

ဒါ့အပြင် သိန္နီ-ကွမ်လုံ လမ်းပိုင်းနာတီး ကျေးရွာနားက တံတားတစ်စင်းလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

ဒီမနက် ခြောက်နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက နမ့်ပေါင်တိုက်နယ်အထွက် ရပ်ကွက် ၆ မှာရှိတဲ့ အထက်တန်းကျောင်းကနေ အနီးနားမှာရှိတဲ့ခလရ ၂၉၁ တပ်ဘက်ကို လက်နက်ငယ်တွေနဲ့စတင်ပစ်ခတ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

တပ်မတော်ဘက်က လက်နက်ကြီးနက်လက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲက ခါးမှာ ပစ်စတိုသေနတ်ထိုးထားတဲ့ သူတစ်ဦးက ရပ်ကွက် ၆ နေအိမ်တစ်ခုကနေ ဆိုင်ကယ်ငှားရမ်းပြီး လူနာတစ်သီးကို သယ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ဒီမနက်တိုက်ပွဲမှာ TNLAဘက်က တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူ အလောင်းကို ဟွေလွယ်ရွာနားမှာတွေ့ရပြီး ဒဏ်ရာရသူထဲကတစ်ဦးကိုတော့ ဆိုင်ကယ်နဲ့ သယ်ဆောင်သွားခဲ့သလို ကျန်သုံးဦးကတော့ ချောင်းတစ်လျှောက် ဆုတ်ခွာသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုတွေလည်းရှိခဲ့တာမှာ သုံးလုံးက ကျေးရွာလယ်ကွင်းတွေထဲကျပြီး အဲဒီထဲက နှစ်လုံး ပေါက်ကွဲခဲ့ပြီး တစ်လုံးကတော့ မပေါက်ကွဲခဲ့ဘူးလို့ကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီးနောက်မှာ နမ့်ပေါင်ရွာသား ငါးရာလောက်ဟာ နမ့်ပေါင်ဝေလုဝန်ကျောင်း နဲ့ မြို့လယ်ကျောင်းတွေကို ထွက်ပြေးနေကြပြီး တချို့ကလည်း လားရှိုး မန်ဆူကျောင်းနဲ့နီးစပ်တဲ့ ဆွေမျိုးတွေနေအိမ်ကို ထွက်ပြေးတိမ်းရှောင်ကြသူတွေလည်းရှိပါတယ်။

ဒီကနေ့ပစ်ခတ်မှုနဲ့ပတ်သက်ပြီး TNLA ပြောခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ ဒီကနေ့ တစ်ရက်ထဲမှာ အစိုးရတပ်နဲ့ တိုက်ပွဲ ငါးနေရာမှာဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲတွေဟာ ကွတ်ခိုင်မြို့နယ်၊ လားရှိုးမြို့နယ်နဲ့ ကျောက်မဲ ပါလိုင်ကျေးရွာတွေဘက်မှာဖြစ်ပွားခဲ့ပြီး သတင်းအချက်အလက် အတိအကျတော့ မသိရသေးဘူးလို့ပြောပါတယ်။

ဒီမနက်တိုက်ပွဲနဲ့ပတ်သက်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီညနေပိုင်းမှာ ထပ်မံဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

သိန္နီ-ကွမ်လုံလမ်းပိုင်း နားတီကျေးရွာနဲ့တစ်မိုင်အကွာ ကွမ်လုံဘက်အထွက်က တံတားတစ်စင်းကို မနေ့ကည ၁၁ နာရီလောက်မှာ မြောက်ပိုင်း သုံးဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

အဲဒီတံတားဟာ နားတီး - ဟိုလီကျေးရွာမှာရှိတာဖြစ်ပါတယ်။

သြဂုတ်လ ၁၇ ရက်နဲ့၁၈ ရက်တွေ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေက ကွမ်လုံနဲ့သိန္နီကြားက တံတားသုံးစင်းကို မိုင်းခွဲဖျက်ဆီးခဲ့ပါသေးတယ်။

ကွမ်လုံ-သိန္နီလမ်းပိုင်းဟာ ကွမ်လုံ- ဟိုပန်-လောက်ကိုင် ဒေသတွေကို အဓိကဆက်သွယ်ထားတဲ့ လမ်းကြောင်းဖြစ်ပြီး ကိုးကန့်ဒေသကို ဆက်သွယ်မှုမှာ အရေးပါတဲ့လမ်းကြောင်းဖြစ်ပါတယ်။ အဲ့ဒီဒေသနဲ့လမ်းတစ်လျှောက်ဟာ ကိုးကန့်MNDAA အဖွဲ့တွေ အဓိက လှုပ်ရှားတဲ့ဒေသလည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့မူဆယ် ကွတ်ခိုင်- လားရှိုးလမ်းပိုင်းတစ်လျှောက် ခရီးသည်ကားတွေ ပုံမှန်သွားလာနေတဲ့ အခြေအနေကို တွေ့ရပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။