လားရှိုးထောင်က အကျဉ်းသား တစ်ရာနီးပါး ထောင်ဖောက်ထွက်ပြေး

RFA Burmese
2024.10.15
လားရှိုးထောင်က အကျဉ်းသား တစ်ရာနီးပါး ထောင်ဖောက်ထွက်ပြေး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းတစ်နေရာအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ အကျဉ်းထောင်အတွင်းကနေ အကျဉ်းသား ၉၇ ဦး ထွက်ပြေးခဲ့ပြီး အဲဒီအထဲက လေးဆယ်ကျော်ကို ပြန်ဖမ်းမိထားတယ်လို့ လားရှိုးမြို့ခံနဲ့ MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့မှာ ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့မနက်အစောပိုင်းမှာ အကျဉ်းထောင်တံခါးကို သော့ဖျက်ထွက်ပြေးခဲ့တာဖြစ်ပြီး MNDAA တပ်ဖွဲ့က မနေ့ကအထိ အကျဉ်းသားလေးဆယ်ကျော်ကို ပြန်ဖမ်းမိခဲ့တာလို့ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်အစောကြီး ထောင်ကနေ ဖောက်ပြီးပြေးကြတာ။ စုစုပေါင်း ၉၇ ယောက်ရှိတယ်ပေါ့နော်။ အဲဒါ အခု မြို့ထဲမှာ MNDAA ဘက်ကလိုက်ပြီး စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ လုပ်နေတယ်။ လုံခြုံရေးတွေလည်း တင်းကြပ်ထားတယ်”

အကျဉ်းသားတွေ ထွက်ပြေးပြီး နောက်တစ်ရက်မှာပဲ လားရှိုးမြို့ကို MNDAA က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြန်လည်ဖြတ်တောက်လိုက်တယ်လို့ သူက ပြောပါတယ်။

မြို့အဝင် အထွက်တွေမှာ မှတ်ပုံတင်နဲ့ လူကို တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်နေသလို မြို့အတွင်းက လူမနေတဲ့ နေအိမ်တွေကိုလည်း လိုက်လံစစ်ဆေးတာတွေ လုပ်နေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“လူမရှိတဲ့ သော့ခတ်ထားတဲ့ အိမ်တွေကို ဝင်စစ်တာတွေ လုပ်တယ်။ မြို့အဝင်အထွက်လည်း သေချာစစ်နေတာ။ ထွက်ပြေးတဲ့ သူ အကုန်မမိသေးတော့ ထပ်ရှာနေတဲ့သဘောလို့ ပြောလို့ရတယ်”

အခုထွက်ပြေးတဲ့ သူတွေထဲမှာ စစ်ကောင်စီ သတင်းပေးဆိုပြီး ဖမ်းဆီးခံထားရသူတွေ၊ တိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးအမှုနဲ့ ဖမ်းဆီးခံရသူတွေ အများဆုံး ပါနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို အကျဉ်းသားတွေ ထွက်ပြေးသွားတဲ့အထွက် မြို့ထဲမှာ ရာဇဝတ်မှုတွေဖြစ်လာမှာ စိုးရိမ်နေကြတယ်လို့ လားရှိုး ဒေသခံတစ်ဦးက ပြောပါတယ်။

“အကျဉ်းထောင်ကနေ လူအများကြီး အခုလို ထွက်ပြေးတာဆိုတော့ လုံခြုံရေးအပိုင်း အတော်ပေါ့ဆတယ်လို့ ပြောရမယ်။ ဒီလူတွေက မြို့ထဲမှာနေပြီး လိုက်ခိုးတာတို့၊ ဘာတို့လုပ်ရင် ဘယ်လိုလုပ်မလဲပေါ့နော်။ မူယစ်ဆေးသမားတွေလည်း ပါတယ်လို့ကြားတော့လေ”

ဒီကိစ္စနဲ့ ပတ်သက်လို့ MNDAA သတင်းပြန်ကြားရေး တာဝန်ရှိသူတွေကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။ MNDAA တာဝန်ရှိသူတွေကတော့ မြို့ခံတွေကို ခေါ်ယူရှင်းပြခဲ့သလို နောင်ကို အခုလို လုံခြုံရေးပေါ့ဆတဲ့ ကိစ္စမျိုးမဖြစ်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်နေပြီး ဒါဟာ စစ်ကောင်စီ သတင်းပေးတွေကြောင့်လို့ MNDAA ဘက်က ယူဆထားပါတယ်။ စစ်ကောင်စီကို သတင်းပေးနေသူလို့ ယူဆရသူ လူနှစ်ဆယ်ကျော်ကိုလည်း ဖမ်းမိထားတယ်လို့ MNDAA က အခုရက်ပိုင်းမှာ ပြောဆိုထားပါတယ်။

သူတို့ကို လားရှိုးအကျဉ်းထောင်မှာ ဖမ်းဆီးစစ်ဆေးနေပြီး ဘယ်လိုပြစ်ဒဏ်မျိုးချမယ်ဆိုတာကိုတော့ MNDAA ဘက်က အတိအကျ ပြောဆိုထားတာမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။