လားရှိုးမြို့နယ် နားမခေါ်ရွာ လေကြောင်းတိုက်ခိုက်မှု အရပ်သားသုံးဦးဒဏ်ရာရ

RFA Burmese
2023.04.08
လားရှိုးမြို့နယ် နားမခေါ်ရွာ လေကြောင်းတိုက်ခိုက်မှု အရပ်သားသုံးဦးဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နားမခေါ်ရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ် ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်က နားမခေါ်ရွာကို ဧပြီလ ၇ ရက်နေ့မနက်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စိုင်းခမ်းမွန်း၊ နန်းငင်းအောင်နဲ့ နန်းအေးကြင်တို့ မိသားစုဝင်သုံးဦး ထိခိုက်ဒဏ်ရာရပြီး လားရှိုးဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ဆိုပါတယ်။

နားမခေါ်ကျေးရွာမှာရှိတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) ကို စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ရွာရဲ့ကုန်းပေါ်မှာ TNLA ကရှိတယ်။ အဲဒီ့ကိုသွားပစ်တာ။ သွားပစ်တော့ အဲဒီနားမှာရှိတဲ့ ဒေသခံတွေ ဒဏ်ရာရတာပါ။ ပြင်းပြန်းထန်ထန် ထိခိုက်တာမျိုးတော့ မဟုတ်ပါဘူး။”

စစ်ကောင်စီက ဧပြီလ ၇ ရက် မနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တိုက်ခိုက်ရေး ရဟတ်ယာဉ်သုံးစီးနဲ့ နားမခေါ်ရွာကို ၁၀ မိနစ်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားဌာနက ဧပြီလ ၇ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ မတ်လထုတ် အစီအရင်ခံစာပါ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၂ ခုနှစ် ဇန်ဝါရီအတွင်း ၁၂၅ ကြိမ် ရှိရာကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ၃၀၁ ကြိမ်အထိ နှစ်ဆကျော် မြင့်တက်လာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။