ဟားခါးမှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံး

2022.10.03
ဟားခါးမှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံး စစ်ကောင်စီတပ် ထောင်ခဲ့သည့် မိုင်းတစ်လုံးကို မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦးက ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြသစဥ်။
ဓာတ်ပုံ - မင်းတပ် CDF

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဗျက်ကျူံးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က တောထဲ ဟင်းစားရှာဖို့သွားချိန် မြေမြှုပ်မိုင်း နင်းမိတာကြောင့် ဘယ်ဖက်ခြေထောက် ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောထဲသွားချိန် မိုင်းနင်းမိတာဖြစ်ပြီး လက်ရှိ ဟားခါးမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"တောထဲကို မျှစ်တွေ ဘာတွေ ချိုးသွားတာ။ အဲမှာ မိုင်းနင်းမိပြီးတော့ ခြေထောက် တစ်ဖက် ပြတ်သွားတယ်။ ဘယ်ဖက်လက်လည်း ဒဏ်ရာရသွားတယ်"

အဲဒီ မြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းလို့ ဒေသခံတွေက ယူဆ နေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ ငါးလအတွင်း တစ်နိုင်ငံလုံးမှာ မြေမြှုပ်မိုင်း ကြောင့် ဒေသခံ ၃၃ ဦး သေဆုံးပြီး ၁၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၀ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။