ကျွန်းလှမြို့နယ်က NUG စာသင်ကျောင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရ

RFA Burmese
2024.06.15
ကျွန်းလှမြို့နယ်က NUG စာသင်ကျောင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ကို တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာက NUG လက်အောက်ခံ စာသင်ကျောင်းကို ဇွန်လ ၁၅ ရက်နေ့ ဒီနေ့နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းအဆောင်တွေအားလုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ရေးရဟတ်ယာဥ်နှစ်စင်းနဲ့ ဆယ်မိနစ်ကျော် ပစ်ခတ်ခဲ့တာကြာင့် စာသင်ကျောင်းအဆောင်တွေ ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာကုန်းကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“စာသင်ကျောင်းကိုပဲ ဦးတည်ပြီး လာပစ်သွားတာပါ။ ကလေးတွေက နေ့လယ် ၁၂ နာရီမှာဆင်းတယ်။ လေကြောင်းကနေ ၁၂ နာရီ ၂၅ မိနစ်မှာလာပစ်တာ။ ကံကောင်းတာက ကလေးတွေရော ဆရာ၊ ဆရာမတွေရော တစ်ဦးမှ ထိခိုက်တာမရှိဘူး။ စာသင်ကျောင်းဆောင်တွေတော့ အကုန်ပျက်စီးသွားပါတယ်”

အဲဒီစာသင်ကျောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်သင်ကြားနေတာဖြစ်ပြီး သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသူ၊ ကျောင်းသားနှစ်ရာနီးပါး တက်ရောက်သင်ကြားနေ တာလို့ ဆိုပါတယ်။

ရွာကုန်းကြီးရွာက ဒေသခံ သုံးရာကျော်လည်း နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား (၆၆၂) ဦး သေဆုံးပြီး (၁၄၉၂) ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။