CNPC ကုမ္ပဏီကို ဒေသခံတွေ ဆန္ဒပြ
2016.12.20

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေ ကို ပြန်လည်ပြုပြင်ပေးဖို့ တရုတ်ကုမ္ပဏီဖြစ်တဲ့ CNPC ရုံးရှေ့မှာ ဒေသခံ ၁၀၀ ကျော်က ဒီကနေ့ တတိယအ ကြိမ်မြောက်အဖြစ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ စက်ရုံတည်ဆောက်ရာမှာ ဒေသခံ ၂၁ ဦးပိုင်တဲ့ လယ်မြေတွေကို ပျက်စီးသွားတဲ့ အတွက် တောင်းဆိုကြတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ ကျောက်ဖြူကျေးလက်ဒေသ ညှိနိူင်းရေးအဖွဲ့က ဦးထွန်းကြည် က ပြောပါတယ်။
''ကျောက်ဖြူမှာ ဒီဂတ်စ်ပိုင်းလိုင်းသွယ်တုန်းက ဒေသခံလယ်သမား ၂၁ ဦးပါတဲ့ လယ်ယာမြေတွေ ပျက်စီးသွားတာရှိတယ်၊ တစ်ခြားပျက်စီးသွားတာ အများကြီးတော့ရှိတယ်၊ သူတို့ရဲ့လယ်ယာမြေတွေ ကို ပြန်ပြီးတော့ တူးဖော်ပေးဖို့အတွက်ပေါ့နော် တောင်းဆိုတယ်၊ ဒီအပေါ်မှာ လက်ရှိအာဏာပိုင်ကရော CNPC ကရော ဘာမှတုန့်ပြန်တာမရှိတဲ့အတွက် ဒီတစ်ကြိမ်ဆို ၃ ကြိမ်မြောက် ဆန္ဒပြတာပေါ့နော်''
ကုမ္ပဏီက သီးနှံလျော်ကြေးအဖြစ် တစ်နှစ်စာအတွက် တစ်ဧကကို ငွေကျပ် ၃ သိန်းခွဲနဲ့ ၅ နှစ်စာ လျော်ကြေးပေး ခဲ့ပေမယ့် ဒေသခံ ၂၁ ဦးကတော့ လျော်ကြေးမယူဘဲ သူတို့လယ်မြေတွေကိုပဲ ပြန်ပေးဖို့ဆိုပြီး တောင်းဆိုကြ တာဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ကျောက်ဖြူမြို့ ဂုံးချိန်ရွာက ကံ့ကော်တောဘုရားကနေ CNPC ရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်ကတည်းက တရုတ်နိုင်ငံက CNPC ကုမ္ပဏီဟာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို စတင်ခဲ့တာဖြစ်ပါတယ်။