ပိုက်လိုင်းလျော်ကြေး အမြန်ဆုံးပေးဖို့ ဝန်ကြီးချုပ်ထံ တင်ပြ
2017.06.15

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းကို ဖြတ်သန်းသွားတဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေကြောင့် ပျက်စီးသွားတဲ့ မြေယာတွေနဲ့ သီးနှံလျော်ကြေးငွေတွေကို အစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့က ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ တွေ့ဆုံပြီး တင်ပြခဲ့ပါတယ်။
အစိုးရက လျော်ကြေးပေးမယ်လို့ ပြောဆိုထားပေမယ့် နှောင့်နှေးကြန့်ကြာနေတာကြောင့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ တွေ့ဆုံပြီး တောင်းဆိုတင်ပြခဲ့တာလို့ အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့် လှုပ်ရှားရေးအဖွဲ့ ဥက္ကဌ ဦးမျိုးလွင်က ဒီနေ့ပြောပါတယ်။
"အဓိက ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရတဲ့အကြောင်းကတော့ ဒီအမ်းမြို့နယ် ပိုက်လိုင်းနဲ့ပတ်သက်ပြီး လျော်ကြေး နစ်နာကြေး ပေးဆောင်ဖို့ရာမှာ အချိန်ကြန့်ကြာမှုရှိနေတယ်။ ကျနော်တို့ သိထားသလောက်ဆိုရင် ပြည် နယ်အစိုးရအဖွဲ့ကနေပြီး ကတ်ဘိနက် အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ခရိုင်ကို ညွှန်ကြားချက် ပို့ထားပြီးပါပြီ။ သီးနှံလျော်ကြေးကိုစိစစ်ပြီး အမြန်ဆုံး လျော်ကြေးနစ်နာကြေး ပေးနိုင်ရေးအတွက် ပြန်လည်တင်ပြပေး ဖို့ဆိုတဲ့အပိုင်းကို အချိန်ကြန့်ကြာမှုရှိနေတဲ့အတွက် ကျနော်တို့ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရခြင်းဖြစ်ပါတယ်"
အမ်းမြို့နယ်အတွင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားရာလမ်းတစ်လျှောက် ဆုံးရှုံးနစ်နာမှုတွေ နဲ့ပတ်သက်ပြီး လျော်ကြေးလုံးဝမရတာတွေ၊ အပြည့်အဝမရတာတွေ၊ ပိုက်လိုင်းစီမံကိန်းအတွက် ယာယီအသုံးပြု တဲ့ မြေတွေ၊ ပျက်စီးဆုံးရှုံးသွားတဲ့ လယ်၊ ဥယျာဉ်၊ နေအိမ်ခြံမြေ၊ သုဿာန်မြေတွေနဲ့ပတ်သက်ပြီး လျော်ကြေးငွေတွေပေးအပ်ဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြီးခဲ့တဲ့ မေလလယ်က ဆုံးဖြတ်ထားတာလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ တွက်ချက်ညှိနှိုင်းတင်ပြဖို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီကို အစိုးရက အကြောင်းကြားစာ ထုတ်ပြန်ခဲ့ပေမယ့် ပြန်လည်တင်ပြတာမရှိတဲ့အတွက် ဒုတိယအကြိမ် အကြောင်းကြားစာ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
အမ်းမြို့နယ်အတွင်းက အမ်းတောင်၊ အောက်ရွာ၊ လုံးကောက်၊ စခန်းမော်၊ တင်းတန်၊ တောင်ဖီလာ စတဲ့ ကျေးရွာအုပ်စု ၉ ခုနဲ့ ကျေးရွာပေါင်း ၄ဝ ကျော်ကို ဖြတ်သန်းသွားတဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာပါ။
အဲဒီစီမံကိန်းကြောင့် ပတ်ကွေ့နဲ့ ချောင်းပေါက်ကျေးရွာနှစ်ရွာ ပြောင်းရွှေ့ခံခဲ့ရပြီး အခြားကျေးရွာအချို့မှာ နေ အိမ်တွေ ရွှေ့ပြောင်းခံရတာတွေ၊ ဆင်ခုံတိုင်၊ ခမောင်းချောင်း၊ သံဖုရာ၊ မျောက်ကိုက် စတဲ့ကျေးရွာတွေက သုဿန်တွေ ဖျက်ဆီးခံရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ပိုက်လိုင်းဧရိယာ ပေ ၁ဝဝ နဲ့ ပေ ၁ဝဝ ပြင်ပက ပျက်စီးဆုံးရှုံးခဲ့ရတာတွေ အတွက် လျော်ကြေးငွေတွေပေးအပ်ဖို့ ကတိပြုထားတယ်လို့လည်း အမ်းမြို့နယ် ပိုက်လိုင်းစောင့်ကြည့် လှုပ်ရှားရေးအဖွဲ့ ဥက္ကဌ ဦးမျိုးလွင် ကပြောပါတယ်။