ရေနံပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာခဲ့သူတွေ ဆန္ဒပြ
2018.04.07

ရခိုင်ပြည်နယ် အမ်းမြို့မှာ မြန်မာ-တရုတ် ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့ရတာတွေကို မဖြေရှင်းပေးလို့ဆိုပြီး CNPC ကုမ္ပဏီနဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဒေသခံ ၁၀၀ ခန့်က ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
CNPC ကုမ္ပဏီရဲ့ တောင်စောက်အခြေစိုက်စခန်းရှေ့အထိ သွားရောက်ကာ အစာငတ်ခံ ဆန္ဒပြကြတာလို့ ဆန္ဒပြပွဲဦးဆောင်သူ ကိုမျိုးလွင်က ပြောပါတယ်။
"အမ်းမြို့နယ် မြေစာရင်းရုံးကနေပြီး CNPC ရဲ့ တောင်စောက်စခန်းမှာ စီတန်းလှည့်လည်တယ်၊ အမ်းနဲ့ တောင်စောက်စခန်းက ၁၆ မိုင်ဝေးပါတယ်၊ ဆိုင်ကယ်က ၃၅ စီးပါ၊ ကားက ၄ စီးပါ၊ လူအင်အားက ၁၀၀ ပါ၊ တောင်စောက်စခန်းကို ၁၀ နာရီမှာရောက်ပါတယ်၊ တောင်စောက်စခန်းကို ပတ်လျှောက်ပြီး အစာငတ်ခံပြီး ဒီနေ့ ထမင်းမစားပဲနဲ့ ၄ နာရီအထိ ဆန္ဒပြဖို့ ဆုံးဖြတ်ထားပါတယ်"
ပြည်နယ်အစိုးရဘက်က လျော်ကြေး၊ နစ်နာကြေးပေးဖို့ ဆုံးဖြတ်ထားတဲ့အပေါ်မှာ CNPC နဲ့ MOGE ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် ပြီးခဲ့တဲ့ မတ်လတုန်းက တစ်ကြိမ်ဆန္ဒထုတ်ဖော်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိတာကြောင့် ဒီနေ့ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ ဆန္ဒပြပွဲမှာ စီတန်းလှည့်လည်တာ၊ မတ်တပ်ရပ်ကြွေးကြော်တာနဲ့ အသံတိတ်ဆန္ဒပြတာတွေလည်း တစ်လှည့်စီပြုလုပ်ခဲ့ကြပါတယ်။
မြန်မာ-တရုတ် ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ အခြေအနေတွေနဲ့ CNPC နဲ့ MOGE တို့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဟောပြောခဲ့ကြပါတယ်။
တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ အမ်းမြို့နယ် အမ်းတောင်၊ အောက်ရွာ၊ လုံးကောက်၊ စခန်းမော်၊ တင်းတန်၊ တောင်ဖီလာ စတဲ့ ကျေးရွာအုပ်စု ၉ ခုနဲ့ ကျေးရွာပေါင်း ၄ဝ ကျော်ကို ဖြတ်သန်းပြီး ၂ဝ၁၂ ခုနှစ်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အဲဒီစီမံကိန်းကြောင့် ပတ်ကွေ့နဲ့ ချောင်းပေါက်ကျေးရွာနှစ်ရွာ ပြောင်းရွှေ့ခံခဲ့ရပြီး အခြားကျေးရွာအချို့မှာ နေအိမ်ရွှေ့ပြောင်းခံရတာတွေ၊ သုဿန်တွေ ဖျက်ဆီးခံရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။