မိကျောင်းကန်သပိတ်ကူညီသူ ကိုဝေဠု တရားရုံးကို သပိတ်မှောက်
2015.01.23

မိကျောင်းကန်သပိတ်ကို အားပေးကူညီတဲ့အတွက် ထိန်းသိမ်းခံထားရတဲ့ ကိုဝေဠုက မြန်မာနိုင်ငံက တရားစီရင်ရေးဟာ လွတ်လပ်မှုမရှိပဲ ချုပ်ကိုင်ချယ်လှယ် သူတွေ ရှိနေတဲ့အတွက်၊ နောက်ထပ် တရားရုံး ရုံးချိန်းတွေကို လာရောက်တော့မှာမဟုတ်တော့ ဘဲ ထောင်ထဲမှာပဲနေပြီး တရားရုံးကို သပိတ်မှောက် မယ်လို့ ပြောလိုက်ပါတယ်။
အဲ့ဒီလိုသပိတ်မှောက်တဲ့အကြောင်း ကိုဝေဠုက တရားရုံးရှေ့မှာ အခုလိုပြောဆိုခဲ့ပါတယ်။
"ရုံးချိန် ၄ ကြိမ်မြောက်ရှိပြီ၊ ကျနော်တို့အပါအဝင် မိကျောင်းကန်ပြည်သူပြည်သားတွေဟာ ဥပဒေရဲ့ အကာအကွယ်လုံးဝမရဘူးဖြစ်နေပါတယ်၊ အဲ့ဒီအတွက် ကျနော့်အနေနဲ့ ၂၉ ရက်နေ့ ရုံးချိန်းချိန်းပါတယ်၊ တရားရေးစနစ်ကို လူတစ်စု ကသော်လည်းကောင်း၊ တစ်ဦးတစ်ယောက်ကသော် လည်းကောင်း တရားစီရင်ရေးမဏ္ဍိုင်ကို လွှမ်းမိုးချုပ် ကိုင်ထားပြီးတော့ ၁၁ ရက် ၁၂ လ၊ ၂ဝ၁၂ မှာ ကျနော်ကို ပုဒ်မ ၅ဝ၅(ခ)နဲ့ အာမခံပေးခဲ့ပေမဲ့လို့ ဒီနေ့ မှာတော့ အာမခံမပေးနိုင်ဘူးဆိုပြီး ငြင်းဆိုတာဖြစ်တဲ့အတွက် တရားစီရင်ရေးရဲ့ တရားသူကြီးများ ရဲ့ မျှော်ခေါ်စဉ်းစားမှု၊ ဥပဒေအကြံပေးများရဲ့ မျှော်ခေါ်စဉ်းစားမှုကို လူတစ်စုတစ်ယောက်ကသော် လည်းကောင်း၊ လူတစ်စုတစ်ဖွဲ့ကသော်လည်းကောင်း လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ ယုံကြည်ယူဆတာဖြစ် တဲ့အတွက် ကျနော့်အနေနဲ့ တရားရုံးကို သပိတ်မှောက်ပြီး နောက်ထပ်ရုံးချိန်းတွေကို လုံးဝရင်ဆိုင်မှု လုံးဝ မပြုပါဘူး"
ကိုဝေဠုကို မိကျောင်းကန်ရပ်ကွက်သားတွေရဲ့ သပိတ်မှာနောက်ကွယ်ကနေ အားပေးကူညီနေသူအဖြစ် အာဏာပိုင်တွေ ကစွပ်စွဲပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့ညက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ကိုဝေဠုက အခုလိုပြောပါတယ်။
"ကျနော့်ကို သွေးထိုးလှုံ့ဆောင်လို့ဆိုပြီး ဖမ်းဆီးထားတဲ့ဟောဒီ့အမှုနဲ့ ဟောဒီ့တရားရုံးမှာ ကျနော်မေးကြည့်ချင် ပါတယ်၊ မိကျောင်းကန်အဖိုးအဖွားများကို ကျနော်သွေးထိုးလှုံ့ဆော်ခဲ့ပါသလား၊ အဲ့ဒီ့အဖိုးအဖွားတွေဟာ လူသားတွေပါ၊ အထူးသဖြင့် ဒီနိုင်ငံသားတွေပါ၊ အိုးအိမ်နေရာမဲ့နေတဲ့ ကျနော်တို့ နိုင်ငံသားတွေရဲ့ဘဝ ကို ပြည်သူပြည်သားတွေ ကာကွယ်စောင့်ရှောက်ပေးကြပါ"
ကိုဝေဠုဟာ မနှစ်ကလဲ မိုးထိမိုးမိရွှေလုပ်သားအရေးနဲ့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမယ့်အပေါ် ကန့်ကွက်ဆန္ဒပြ ခဲ့တာတွေကြောင့် တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင် ၃ လ ချမှတ်ခံခဲ့ရပြီး၊ ပြီးခဲ့တဲ့နှစ် နို ဝင်ဘာလ ၁ဝ ရက်နေ့မှာ အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
အဲ့ဒီနောက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ မိကျောင်းကန် သပိတ်စခန်းက ပြည်သူတွေကို တခြားတက်ကြွ လှုပ်ရှားသူတွေနဲ့အတူ ဝိုင်းဝန်းကူညီပေးခဲ့တာဖြစ်ပါတယ်။