ကိုဝေဠုကို တရားစွဲပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ထား

ကိုဝေဠုကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရဲတပ်သားတချို့ ဖမ်းဆီးခေါ်ဆောင်လာစဉ်
ကိုဝေဠုကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရဲတပ်သားတချို့ ဖမ်းဆီးခေါ်ဆောင်လာစဉ် (Photo: Kyaw Lwin Facebook)

မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြနေသူတွေကို ကူညီပေးနေတဲ့ ကိုဝေဠုကို မနေ့ညက ဖမ်းဆီးခဲ့ ပြီး ကျောက်တံတားမြို့နယ် ဒုတိယရဲမှူးက မြို့နယ် တရားရုံးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဒီနေ့ တရားစွဲလိုက်ပါတယ်။

ကိုဝေဠုကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲပြီး အင်းစိန်ထောင် ကို ပို့လိုက်တယ်လို့ တရားရုံးကို သွားရောက်ခဲ့တဲ့ မိကျောင်းကန်သပိတ်စခန်းက ဦးခင်မောင်မြင့် က ပြောပါတယ်။

"ကိုဝေဠုဟာ ဒီမိကျောင်းကန်ကို ဦးစီးဦးဆောင်မှု လည်းမလုပ်ဘူး၊ မိကျောင်းကန်ကို သိမ်းသွင်း ပြီးတော့ မြှောက်ထိုးပင့်ကော်လုပ်တယ်ဆိုတာလည်း မဟုတ်ဘူး၊ ၉ လနီးပါးလမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ဘဝကို မခံနိုင်လွန်းအားကြီးတဲ့အတွက် မြို့တော်ခန်းမဘေးကို ဦးတို့သွားပြီးတော့ ဆန္ဒထုတ်ဖော်တာ၊ ကိုဝေဠုနဲ့ မပတ်သက်ဘူး၊ ကိုဝေဠုဟာ ဒီမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို လူသားခြင်းစာနာတဲ့ အနေအထားနဲ့ သူကဝိုင်းဝန်းပြီးတော့ ကူညီစောင့်ရှောက်တယ်ဆိုတာပဲရှိပါတယ်၊ အဲ့ဒါကို ၅ဝ၅(ခ) ပုဒ်မနဲ့ သူ့ကို မတရားဖမ်းဆီးတယ်လို့ မိကျောင်းကန်ပြည်သူတွေ ဦးတို့အနေနဲ့ ယူဆတယ်၊ ကျောက်တံတားတရားရုံးကို ခေါ်လာတယ်ဆိုတဲ့ အသံကြားတယ်၊ ဒီအသံကြားတာနဲ့ ချက်ချင်းလိုက်သွားတယ်၊ မတွေ့လိုက်ရဘူး၊ အခုအင်းစိန်ကို တန်းပြီးခေါ်သွာတယ်"

ကိုဝေဠုက မိုးထိမိုးမိရွှေလုပ်သားအရေးနဲ့ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမယ့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့တာကြောင့် တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ရက်နေ့က အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြသူတွေကို ဝိုင်းဝန်းကူညီပေးနေတာဖြစ်တယ်လို့ သိရပါတယ်။