မိကျောင်းကန်သပိတ် စခန်း ခေါင်းဆောင်ကို ထောင် ၄ လ ချမှတ်
2014.09.09

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ လအတော်ကြာ ဖွင့်ထားတဲ့ မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို ဒီနေ့ လသာမြို့နယ်တရားရုံးက စည်ပင်ပုဒ်မ ၆၈ နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄လ ချမှတ်လိုက်ပါတယ်။
အဲ့ဒီသပိတ်စခန်းဟာ စည်ပင်သာယာနယ်မြေမှာ ခွင့်ပြုချက်မရပဲ ဖွင့်ထားတဲ့အတွက် လသာမြို့နယ် တရားရုံးက စည်ပင်ပုဒ်မနဲ့ အမိန့်ချလိုက်တာလို့ တရားရုံးသွားရောက်ခဲ့တဲ့ မိကျောင်းကန်သပိတ် စခန်းက မစောစန္ဒာက ပြောပါတယ်။
"အလုပ်နဲ့ထောင်ဒဏ် ၄ လပါ၊ စည်ပင်ပုဒ်မ ၆၈ ကိုကျူးလွန်လို့ပေါ့နော်၊ သူတို့က စည်ပင် ပလက်ဖောင်းပေါ်မှာ သပိတ်စခန်းခွင့်ပြုချက် မရပဲ လုပ်လို့ပေါ့နော်၊ အဲ့ဒါကြောင့် ပုဒ်မ ၆၈ နဲ့စွဲရတာပါ၊ ဈေးသည်တွေဆိုရင်တော့ ၆၈ ပုဒ်မ တဲ့ ၂ ကြိမ်ငွေဒဏ်ဖြစ်ပြီးတော့မှ အဲ့ဒီလိုမျိုးကျူးလွန်ပြီးတော့မှ ထောင်ဒဏ်ချလို့ရတာ၊ အခုကတော့ ဦစိန်သန်းကတော့ ၁ ကြိမ်တည်းနဲ့ ထောင်ဒဏ်ချလိုက်တာပေါ့နော်၊ မနက်ဖြန် တစ်ကြိမ်ချပြီးတာနဲ့ အားလုံးကိုပေါင်းပြီးတော့ အားလုံးကိုအယူခံဝင်ဖို့ရှိပါတယ်"
ဦးစိန်သန်းဟာ ပန်းပဲတန်း၊ ကျောက်တံတား၊ ဗဟန်းနဲ့ လသာမြို့နယ်တရားရုံးတွေက တရားမဝင် စီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လစီချမှတ်ခံထားရပြီး ဒီနေ့ ချမှတ်လိုက်တဲ့ ပြစ်ဒဏ် အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၁ နှစ်နဲ့ ၈ လ ကျခံရမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် ၁၊ ၂၊ ၃ က သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိဖို့အတွက် မိကျောင်းကန်ပြည်သူတွေဟာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆိုနေတာဟာ ၆ လ နီးပါးရှိနေပြီ ဖြစ်ပါတယ်။