ထားဝယ်ကျောင်းသား သပိတ်ခေါင်းဆောင် ၃ ဦး တရား စွဲဆိုခံရ


2015.03.18
students- march-mawlamyine-305.jpg မော်လမြိုင်၊ ထားဝယ် ကျောင်းသားသပိတ် စစ်ကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့က မော်လမြိုင် မြို့တွင်း မှာ ချီတက်နေကြစဉ်
Photo: ကျောင်းသားသမဂ္ဂသတင်းလွှာ Facebook

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ထားဝယ်ကျောင်းသား သပိတ်စစ်ကြောင်း က ကျောင်းသား ခေါင်းဆောင် ၃ ဦးကို တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ရေးမြို့နယ်ရဲစခန်းက တရားစွဲလိုက်ပါတယ်။

ထားဝယ်ကနေ မော်လမြိုင်ကို ချီတက်ရာမှာ ရေးမြို့နယ် မှာ ခဏရပ်နားပြီး ဟောပြောခဲ့တာကြောင့်တရားစွဲ တာ ဖြစ်တယ်လို့ တရားစွဲခံရတဲ့ ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမင်းလွင်ဦး က ပြောပါတယ်။

"မော်လမြိုင်မရောက်ခင် ရေးမှာကျနော်တို့ကို မြို့ခံလူတွေက အမျိုးသားပညာရေးနဲ့ ပတ်သက် လို့စကားနည်းနည်းပြောပေးပါဆိုတော့ ကျနော် တို့လည်း စကားနည်းနည်း ပြောဖြစ်တယ်၊ ကျနော် တို့တောင်းဆိုထားတဲ့ ၁၁ ချက်ကို ချပြတယ်၊ ကျနော်တို့ အဲ့ဒါပဲလုပ်တယ်၊ ကျန်တာဘာမှမလုပ် ဘူး၊ ရဲတပ်ဖွဲ့ အနေနဲ့ ကျနော်တို့ကို ဘာတစ်ခုမှ လာပြောတာမရှိဘူး၊ တရားစွဲထားတဲ့အခါကျတော့ သူတို့အနေနဲ့ တရားဝင်ခွင့်တောင်းပြီးမှ လုပ်ဆိုပြီးတော့ ကျနော်တို့ကျောင်းသားတွေကိုလက်မခံဘူး ဆိုတဲ့ပုံစံနဲ့ တရားစွဲတာပါ"

တရားစွဲခံရသူတွေကတော့ ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုမင်းလွင်ဦး၊ ကိုသူရနိုင် နဲ့ ကိုဇင်မောင်ဖြိုးတို့ ဖြစ်ပါတယ်။

ထားဝယ်ကျောင်းသားသပိတ်စစ်ကြောင်းဟာ မော်လမြိုင်ကျောင်းသားသပိတ်နဲ့ ပူးပေါင်းဖို့အတွက် ထားဝယ်မြို့ ကနေ မော်လမြိုင်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ချီတက်ခဲ့တာဖြစ်ပါတယ်။

အခုလို ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို အစိုးရက ပိုက်စိပ်တိုက်ဖမ်းဆီး နေတာ၊ သပိတ်မှောက်စစ်ကြောင်းက ဦးဆောင်သူတွေကို တရားမဝင်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲ ဆိုတာတွေ ဟာ လေးပွင့်ဆိုင်ဆွေးနွေးပွဲက သဘောတူညီချက်တွေကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ သပိတ်မှောက်ကျောင်း သားတွေက ပြောပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။