အပစ်ရပ်စာချုပ် မေလဆန်းမှ ထိုးနိုင်ဖွယ်ရှိလို့ NCCT ပြော
2015.04.03

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လာမယ့် မေလဆန်းမှာ လက်မှတ်ရေးထိုးနိုင်ဖို့ ရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တွေက ပြော ပါတယ်။
ဒီ ဧပြီလအတွင်း တိုင်းရင်းသား ထိပ်သီးညီလာခံ ကျင်းပပြီး ဆွေးနွေးရဦးမှာဖြစ်တာကြောင့် လာမယ့် မေလဆန်းပိုင်းလောက်ကျမှ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်မယ်လို့ NCCT အဖွဲ့ဝင် ဆလိုင်းလျန်မှုန်းဆာခေါင်က ပြောပါတယ်။
"ကျနော်တို့ တိုင်းရင်းသား ထိပ်သီးညီလာခံမှာ NCCT အဖွ့ဲဝင်တွေမဟုတ်တဲ့ အဖွဲ့အားလုံးကို ကျနော်တို့ဖိတ်ထားဖို့ ရည်ရွယ်ထားပါတယ်၊ အဲ့ဒီ အဖွဲ့နဲ့အားလုံးအတူတကွ ကျနော်တို့ တရားဝင်စာချုပ်ချုပ်ဆိုလိုက်တာ ပါဝင်ပြီးတော့ အတူတကွ ချုပ်ဆိုဖို့လည်း ကျနော်တို့ ကြိုးစားမှာဖြစ်ပါတယ်၊ အဲ့ဒီကိစ္စကို ကျနော်တို့အနေနဲ့ ထိပ်သီးညီလာခံ ကျင်းပလို့ရှိရင်လည်း ဘယ်သူတွေလက်မှတ်ထိုးမလဲ ဆိုတဲ့ကိစ္စအသေးစိတ်ကိုလည်း ကျနော်တို့ NCCT နဲ့ UPWC တဆင့်လောက်တော့ ဆွေးနွေးဖို့တော့ လိုအပ်ဦးမှာဖြစ်ပါတယ်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်ကိုပေါ့နော် မေလ အစပိုင်းမှာ ချုပ်ဆိုနိုင်ဖို့အတွက် ကျနော်တို့ ကြိုးစားနေ ပါတယ်"
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း လက်မှတ်ရေးထိုးပွဲမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အခု ဧပြီလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်မယ်လို့ ခန့်မှန်းကြောင်း ပြောခဲ့ပါတယ်။
တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲကို အခုလပိုင်းအတွင်းကျင်းပသွားမှာဖြစ်ပြီး ဘယ်နေရာမှာ ကျင်းပသွားမယ်ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း၊ အဲ့ဒီညီလာခံမှာ NCCT အဖွဲ့ထဲမှာမပါဝင်တဲ့ တခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ အပစ်ရပ်စာချုပ်ထဲမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ဆွေးနွေးသွား မှာဖြစ်ကြောင်း ပြောပါတယ်။
NCCT အဖွဲ့ဝင် ဆလိုင်းလျန်မှုန်းဆာခေါင်ကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။