မိကျောင်းကန်သပိတ် စခန်းခေါင်းဆောင်ကို အာမခံငွေ ကျပ် သိန်း ၆၀၀ တောင်း
2014.08.12

တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ တရား စွဲခံထားရတဲ့ မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို ဒီနေ့ ဗဟန်းမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးရာ အာမခံကြေး သိန်း ၆၀၀ ပေးသွင်းဖို့ တရားရုံးက တောင်းခဲ့တယ်လို့ သိရ ပါတယ်။
အာမခံကြေး သိန်း ၆၀၀ မပေးနိုင်တာကြောင့် ဦးစိန်သန်းကို အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီး ထားတယ်လို့ သမီးဖြစ်သူ မနေနွယ်သန်းက ပြော ပါတယ်။
"ရုံးထုတ်သွားတာ ဒီနေ့ပေါ့နော် အာမခံမရခဲ့ဘူး၊ အာမခံက လုပ်ငန်းမှာနေတဲ့ လူနှစ်ယောက် ကပေါ့နော် တစ်ယောက်ကို သိန်း ၃၀၀ တန်တဲ့ပေါ့နော၊် အဓမ္မ သိန်း ၆၀၀ အာမခံရမယ် ဆိုပြီးတော့ သူတို့ဘက်ကပြောတဲ့အတွက် ဒီဘက် ကလုံးဝလက်မှတ်ထိုးဖို့ ရှိတယ်ဆိုတာဟာ အာမခံမရခဲ့ပါဘူး"
ပြီးခဲ့တဲ့ ဧပြီလက မိကျောင်းကန်သပိတ်စခန်းက မြေသိမ်းခံရသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာ သွားရောက်အကူအညီတောင်းခံခဲ့တာနဲ့ပတ်သက်ပြီး သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို ဗဟန်းမြို့နယ် တရားရုံးက တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲထားပြီး ဒီနေ့ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ပုဒ်မ ၁၈ နဲ့ တရားစွဲခံရပြီး အာမခံကြေး သိန်း ၆၀၀ ဒဏ်ငွေပေးဆောင်ဖို့ ဆုံးဖြတ်ချက်ဟာ ဦးစိန်သန်းအမှုက အများဆုံးဖြစ်ပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ရပ်ကွက် ၁၊ ၂၊ ၃က သိမ်းဆည်းခံမြေယာတွေ ပြန်လည်ရရှိဖို့ အတွက် မိကျောင်းကန်ပြည်သူတွေဟာ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံဘေးမှာ သပိတ် စခန်းဖွင့် တောင်းဆိုနေတာဟာ ၄ လကျော်နေပြီ ဖြစ်ပါတယ်။