ဖာပွန်ခရိုင်တွင်းက စစ်ကောင်စီ ဝန်ထမ်းတွေကို KNLA သတိပေး
2023.08.08

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ နုတ်ထွက်ကြဖို့၊ မလိုက်နာရင် ပိုပြီးထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ KNLA က ဩဂုတ် ၈ ရက်နေ့မှာ သတိပေးကြညာလိုက်ပါတယ်။
ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ရာထူးကနေ မနုတ်ထွက်ဘဲ စစ်ကောင်စီကို အကျိုးပြုစေတဲ့ လှုပ်ရှားမှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ လက်အောက်ကနေ နုတ်ထွက်ဖို့၊ ရာထူးတာဝန်တွေ စွန့်လွှတ်ဖို့ KNLA တပ်မဟာ ၅ အနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ပါဝင်ပါတယ်။
အဲဒီထုတ်ပြန်ချက်အတိုင်း ဌာနဆိုင်ရာ ဝန်ထမ်းနဲ့ အုပ်ချုပ်ရေးမှူးတချို့ လိုက်နာဆောင်ရွက်တာရှိပေမဲ့ တချို့ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေက ဒီနေ့အထိ လိုက်နာမှုမရှိတာကြောင့် ပိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဆက်လုပ်မှာဖြစ်ကြောင်း ထပ်မံထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။
ကရင်ပြည်နယ် ဖာပွန်၊ ကမမောင်းမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေရဲ့အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို ဆက်သွယ်ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။