နယ်စပ်စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံ သုံးရာကျော် ထိုင်းဘက် ထွက်ပြေးခိုလှုံ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခလရ-၃၁ တပ်စွဲထားတဲ့ ပူလူတူ စစ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံသုံးရာကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
တိုက်ပွဲအတွင်း ကလေဖိုးကလိုးကျေးရွာအပြင် အနီးအနားရွာတွေဖြစ်တဲ့ မယ်ကဲ့၊ ကလေမိုးခီးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အတွင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထဆောင်ယမ်းမြို့နယ်ဘက်က နို့ဖိုးကျေးရွာကို ဒေသခံ သုံးရာကျော် စစ်ဘေးရှောင်နေရတာလို့ KNLA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တပ်ရှိတဲ့ ပူလူတူစခန်းကို သူတို့သိမ်းတာ လေယာဥ် ဗုံးကြဲချတော့ ကလေဖိုးကလိုးဘက်က ရွာတွေက ရွာသားတွေအကုန်လုံးက ထိုင်းဘက် ပြေးလာတယ်။ ထိုင်းဘက် နို့ဖိုးရွာဘက်မှာ ထိုင်းစစ်တပ်ကတော့ စောင့်ရှောက်ထားတယ်ပေါ့ဗျာ၊ ဒီဘက်ခြမ်းက၊ လေယာဥ်က မနေ့ကပဲ လာတယ်။ ဒီနေ့ မလာသေးဘူး။ ကင်းထောက်လေယာဥ် ဝဲတာတော့ ဝဲတယ်။ အဲဒီစခန်းက စစ်တပ်ကြီးပဲရှိတယ်။ ၂၅ ရက်နေ့ကတည်းက၊ အဲဒီမတိုင်ခင်ကတော့ လေယာဥ်တော့ လာတာတော့ ရှိတာပေါ့။ သူတို့ အဲဒီစခန်းသိမ်းတာမတိုင်ခင် အရင်ဆုံး ရွာဘက်နဲ့ KNU နယ်ဘက်ကို ဒရုန်းနဲ့ လာကြဲတယ်။ စစ်တပ်က လာကြဲပြီးတော့မှ သူတို့က စခန်းသိမ်းမယ်ဆိုပြီး တိုက်ပွဲဖြစ်နေတာ”
စစ်ဘေးဒုက္ခသည်တွေထဲမှာ အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၁၀၁ ဦးနဲ့ ကလေးငယ် ၁၄၁ ဦး စုစုပေါင်း ဒေသခံ ၃၁၄ ဦး ပါဝင်ပါတယ်။
အဲဒီဒုက္ခသည်တွေကို ထိုင်းတော်ဝင်စစ်တပ် တာခ့်ခရိုင် စစ်ဗျူဟာမှူး ဦးဆောင်တဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့၊ အရပ်ဘက် လူမှုကူညီရေးအဖွဲ့တွေက စားသောက်စရာနဲ့ နေရာထိုင်ခင်း စီစဥ်ပေးထားတယ်လို့ ဆိုပါတယ်။
ပူလူတူ စစ်စခန်းဟာ KNU တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲက ကလေဖိုးကလိုးကျေးရွာမှာရှိတာ ဖြစ်ပါတယ်။
ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KNU တပ်မဟာ (၇) နယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးသလို KNU သတင်းပြန်ကြားရေး ဌာနကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့လည်း ဖုန်းမဖြေပါဘူး။
လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ထိုင်း-မြန်မာနယ်စပ် တစ်ကီလိုမီတာ အကွာမှာရှိတဲ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ နို့ဖိုး၊ မဲ့အူးစူး ကျေးရွာအုပ်စု လမ်းပိုင်းနေရာတွေမှာ ထိုင်းစစ်တပ်က စစ်ယာဥ်တန်းနဲ့ လှည့်လည်စောင့်ကြည့်နေသလို ထိုင်းကျေးရွာ အဝင်အထွက် ဂိတ်တွေမှာလည်း လုံခြုံရေး တင်းကျပ်ထားတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တချို့က ပြောပါတယ်။