အစိုးရနဲ့ ကေအိုင်အို စစ်ခေါင်းဆောင်များ သီးခြားတွေ့ဆုံဆွေးနွေး
2013.05.29

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ကြား ဒီကနေ့ဆက်လက် ကျင်းပခဲ့တဲ့ ဒုတိယမြောက်နေ့ ဆွေးနွေးပွဲ မှာ နှစ်ဖက်စစ်တပ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ သီးသန့်ဆွေးနွေးခဲ့ကြပါတယ်။
အစိုးရဖက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေဖက်က ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ မြစ်ကြီးနားမြို့ မနောကွင်းမှာရှိတဲ့ မဂျွယ်ခန်းမနားက သီးသန့်ဆောင်မှာ ဆွေးနွေးခဲ့ကြတာပါ။
နှစ်ဖက်တပ် နေရာချထားရေးအပါအဝင် စစ်တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ညှိနှိုင်းရာမှာ ရလာဒ်ကောင်းတွေရရှိခဲ့ကြောင်း၊ မေလ ၃၀ ရက် မနက်ဖြန်မှာလုပ်မယ့် အပြီးသတ်ဆွေးနွေးပွဲပြီးရင် ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။
"တပ်ပိုင်းဆိုင်ရာ ဆွေးနွေးတဲ့အပိုင်းကတော့ ဒီနေ့မှာပြီးသွားပါပြီ၊ နှစ်ဦးနှစ်ဖက် တပ်နေရာချထားမှုက စပြီးတော့ပေါ့၊ အားလုံးညှိနှိုင်းပြီးဖြစ်ပါတယ်၊ နက်ဖြန်ခါ အပြီးသတ်ဆွေးနွေးပွဲပြီးတော့ ထုတ်ပြန်ကြေညာချက်တွေနဲ့ ထုတ်ပြန်သွားမှာပါ၊ အခုထိကတော့ အားလုံးအဆင်ပြေပါတယ်၊ တိုးတက်တဲ့လက္ခဏာတွေပဲတွေ့ရတယ်လို့ ကျနော်တို့ပြောလို့ရပါတယ်၊ အခုကျနော်တို့ နှစ်ဦးနှစ်ဖက်တပ်တွေ ဆွေးနွေးကြမှာက ရှမ်းမြောက်ကိစ္စတွေ၊ ကချင်ပြည်နယ်ကိစ္စတွေရော အားလုံးကျနော်တို့ ဆွေးနွေးမှာဖြစ်ပါတယ်၊ နက်ဖြန်ခါတော့ ကျနော်တို့ အသေးစိတ်ကလေး ထုတ်ပြန်ပါ့မယ်"
ကေအိုင်အိုဖက်ကလည်း လောလောဆယ်အထိ နှစ်ဖက်ဆွေးနွေးမှုကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဆွေးနွေးပွဲအပြီးမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေဟာ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်ခေါင်းဆောင်တဲ့ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
လေ့လာသူအဖြစ်ရောက်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတော့ မြစ်ကြီးနားမြို့နဲ့ ၂၇ မိုင်ကွာဝေးတဲ့ မေခ၊ မလိခမြစ်ဆုံကို လေ့လာရေးခရီး သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြစ်ကြီးနားမြို့ဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနဲ့ ကေအိုင်အေ ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ဟာ မြစ်ကြီးနားမြို့ခံ ကချင်တိုင်းရင်းသား ရပ်မိရပ်ဖများနဲ့ သီးခြားစီတွေ့ဆုံခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။