ဖားကန့်ဒေသ စစ်ကောင်စီရဲ့ ဟွေလုန်တပ်စခန်းကို KIA သိမ်းပိုက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး၊ ဟွေလုန်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၃၃)၊ ရှေ့တန်းခြေမြန်တပ်စခန်းတစ်ခုကို ဧပြီလ (၂၀) ရက်နေ့ မနက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ စစ်ဆင်ရေးအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
“မနေ့က နေ့လယ်ပိုင်းလောက်က သိမ်းပိုက်နိုင်ခဲ့တာပါ။ စစ်ရေးကတော့ ပိုတင်းမာတဲ့ အနေထားပါ။ ပြည်သူတွေကို သူတို့ တပ်စွဲထားတဲ့နေရာတွေနဲ့ အဝေးမှာ နေစေချင်ပါတယ်“
အကျဆုံးတော့ သီးခြားအတည်ပြုဖို့ အခက်ခဲရှိနေပေမယ့် စစ်ကောင်စီတပ်စခန်းက လက်နက်အချို့နဲ့ ရိက္ခာအချို့တို့ကို ရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ဖားကန့်မြို့နယ်တွင်းမှာ ဧပြီလ (၁၈) ရက်နေ့ကစပြီး ဒီနေ့အထိ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်KIA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေလျှက်ရှိပြီး တပ်မတော်ဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး လေကြောင်းကနေ အဓိက တိုက်ခိုက်နေတယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီးရှိ အောင်ဘာလေကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။