မြစ်ကြီးနားက စစ်ကောင်စီတပ်စခန်းသုံးခု KIA သိမ်းပိုက်

RFA Burmese
2024.08.02
မြစ်ကြီးနားက စစ်ကောင်စီတပ်စခန်းသုံးခု KIA သိမ်းပိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။
Kachin News Group

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီတပ်စခန်းသုံးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက သြဂုတ်လ ၂ ရက် ဒီနေ့မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

သြဂုတ် ၁ ရက်နေ့က အဲဒီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ အပြီးသိမ်းနိုင်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“တီယန်ဇွပ်က စစ်ကောင်စီတပ်ကို မနေ့ကတည်းက ပစ်တာ။ ဒီနေ့ ရှစ်နာရီလောက်မှာက စခန်းနှစ်ခုကို အရင်သိမ်းရတယ်။ ကိုးနာရီလောက်မှာ တစ်ခုထပ်သိမ်းတယ်။ အခုတော့ တီယန်ဇွပ်ရွာက စစ်ကောင်စီတပ်စခန်းအားလုံး အပြီးသိမ်းပြီးပြီ။ လက်နက်တွေလည်း သိမ်းရတယ်လို့တော့ သိရတယ်။ အသေးစိတ်တော့ မသိသေးဘူး”

အဲဒီစခန်းဟာ မြစ်ကြီးနားနဲ့ ဆွမ်ပရာဘွမ် မြို့နယ်အစပ်မှာရှိပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၅၈) က တပ်စွဲထားပြီး အင်အား လေးဆယ်ဝန်းကျင်ရှိတဲ့ တပ်စခန်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တီယန်ဇွပ် ဒေသခံတစ်ဦးကလည်း KIA က ဒေသခံတွေကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး တိမ်းရှောင်ခိုင်းထားအတွက် ဒေသခံတွေ နေရပ်စွန့်ခွာခဲ့ကြတယ်လို့ RFA ကို ဩဂုတ် ၁ ရက်မနေ့က ပြောထားပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်သူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်က မြို့ရှစ်မြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း တစ်ရာကျော်ကို KIA က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။