ဝိုင်းမော်က တပ်စခန်းကြီးတစ်ခုကို KIA ထပ်မံသိမ်းယူ

RFA Burmese
2024.05.20
ဝိုင်းမော်က တပ်စခန်းကြီးတစ်ခုကို KIA ထပ်မံသိမ်းယူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမဘေး ကဇူးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်သား အင်းအား တစ်ရာခန့်ရှိတဲ့ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မေလ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မှာ သိမ်းယူလိုက်တယ်လို့ KIA က ပြောပါတယ်။

အဲဒီနောက် ရွှေညောင်ပင်ရွာက စစ်ကောင်စီရဲ့ ခလရ-၃၂၁ တပ်ရင်းကို သိမ်းယူနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က တပ်စခန်းလက်မလွှတ်ရရေး အပြင်းအထန်ခုခံနေတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ကဇူးစခန်းက ရွှေညောင်ပင် ၃၂၁ ကိုကာပေးတဲ့ တပ်စခန်းဖြစ်ပါတယ်။ အဲဒီစခန်းကနေဆို ရွှေညောင်ပင်ကို တိုက်ရိုက်ရောက်တာပေါ့နော်။ အခုက ၃၂၁ ကို ဆက်ပြီးတိုက်နေတယ်။ စစ်ကောင်စီဘက်ကလည်း ၃၂၁ မကျဖို့ လေကြောင်းကနေရော လက်နက်ကြီးနဲ့ရော အပြင်းထန် ကြိုးစားနေမှာပါ”

ဝိုင်းမော်မြို့ကနေ KIA ဌာချုပ် လိုင်ဇာအထိ လာရောက်နိုင်တဲ့ ဝိုင်းမော်-လိုင်ဇာ လမ်းမတစ်လျှောက်ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ရွှေညောင်ပင်ရွာမှာရှိတဲ့ ခလရ-၃၂၁ တပ်ရင်းတစ်ခုပဲ ကျန်တော့တယ်လို့ သူကဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေပြီး မေ ၂၀ ရက်နေ့ ဒီနေ့မှာလည်း လက်နက်ကြီးပစ်ခတ်သံတွေနဲ့ လေကြောင်းကနေ ပစ်ခတ်သံတွေကိုပါ ကြားနေရတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မေ ၁၈ ရက်နေ့ကတော့ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်၊ အောင်မြေ (၁)၊ အောင်မြေ (၂)၊ ခရှီ၊ အင်းလေး အစရှိတဲ့ရွာတွေက တပ်စခန်းတွေအပါအဝင် စစ်ကောင်စီတပ်စခန်း ဆယ်ခုခန့်ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။