ရွာသား၂၀ ကျော် ကေအိုင်အေ ထံက ပြန်လည်လွတ်မြောက်
2013.12.18
ကချင်ပြည်နယ် ဗန်မော်းခရိုင် မန်စီမြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဒေသခံ ၅၀ ကျော်ထဲက ၂၂ ယောက် မနေ့က ပြန်လည်လွတ်မြောက်လာကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူးက RFA ကို ဒီနေ့ အတည်ပြု ပြောကြားပါတယ်။
ပြန်လွတ်လာသူတွေဟာ ဗန်းမော်ခရိုင် မန်စီမြို့နယ် ဟန်ထက်၊ မန်ဝိန်းလေးစတဲ့ရွာတွေက ရွာသားတွေ ဖြစ်တယ်လို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က RFA ကို ပြောပါတယ်။
“မနေ့ကနေ့လယ်ပိုင်းမှာ ၂၂ ယောက်လွတ်ပါတယ်၊ ဒီဇင်ဘာ ၇ ရက်ရယ်၊ ၈ ရက်ရယ်၊ နောက်ပြီးတော့ ၁၃ ရက်ပေါ့ ပါတဲ့အခေါက်ထဲက အားလုံးပြန်ရောက်တယ်ခင်ဗျ၊ ၄ ရက်နေ့က ၂၁ ယောက်ကို ဖမ်းထားတာရှိတယ်ခင်ဗျ၊ အဲဒါတော့ တစ်ယောက်မှ မပြန်လာဘူး၊ ”
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရှမ်းရွာသားတွေ လွတ်မြောက်ရေးအတွက် မြစ်ကြီးနားအခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က မြစ်ကြီးနားမှာ ဖွင့်လှစ်ထားတဲ့ ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံက အခုလွတ်မြောက်လာသူတွေနဲ့ ပတ်သက်ပြီးတော့ ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးက အကြောင်းကြားတာတော့ မရှိသေးဘူးလို့ ပြောပါတယ်။
ဗန်းမော်ခရိုင် မန်စီမြို့နယ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့လောက်ကတည်းက ကေအိုင်အိုတပ်တွေက ရှမ်းဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေရှိတယ်လို့ ဒေသခံတွေနဲ့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ပထမပတ်အတွင်းက ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းကို ဆက်သွယ်မေးမြန်းရာမှာ အဲဒီလို ရွာသားတွေကို ဖမ်းဆီးတာ၊ တပ်သားသစ်စုဆောင်းတာတွေ လုံးဝမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။