ကချင်ပြည်နယ် အစိုးရဝန်ကြီးကို ကေအိုင်အေ ဖမ်းဆီး
2015.01.14

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ အစိုးရဝန်ထမ်းတွေကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံတပ်သားတွေက ဖားကန့် မြို့နယ် ဝှေခါ-ဝေလုံတောင်ကြောပေါ်မှာ ဒီနေ့ ဖမ်းဆီး စစ်ဆေးခဲ့ပြီး ဝန်ကြီး ဦးကမန်းဒူနော်ကိုသာ ပြန် လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဝန်ကြီး ဦးကမန်းဒူနော်ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ လုံခြုံရေး ရဲဝန်ထမ်းသုံးယောက်ကို ဖမ်းဆီးထားလိုက်တယ် လို့ ပြောပါတယ်။
"ဝန်ကြီးတော့ ပြန်လွှတ်ပေးလိုက်တယ်၊ ရဲ ၃ ယောက်တော့ ဖမ်းသွားတယ်၊ ဝန်ကြီးနဲ့အတူ လိုက်သွားတဲ့လုံခြုံရေးတွေပါ၊ ဒုရဲအုပ်တစ်ဦးနဲ့ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးပါ၊ ဖြစ်တဲ့နေရာ က ဝှေခါတောင်ကြောလို့ပြောတယ်"
မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက အဲ့ဒီအခြေအနေအသေးစိတ်ကို မသိရှိသေးကြောင်း ပြောပါတယ်။
"ဒီဝန်ကြီးချုပ်တို့ ဝန်ကြီးတွေ သူတို့အားလုံးသိတဲ့အတိုင်းပဲ အချင်းချင်း အဆက်အသွယ်တွေရှိတယ်၊ လမ်းကြောင်းရှိတယ်၊ ဖမ်းထားတာမှန်တယ် ဆိုရင်တောင်မှပဲ ပြန်လွှတ်ပေးမှာပဲဗျာ"
ဖမ်းဆီးခံထားရတဲ့ လုံခြုံရေးရဲဝန်ထမ်းသုံးဦးကို အမြန်ဆုံးလွှတ်ပေးဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ထံ ဒီနေ့ညနေက အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ပြည်နယ်ဝန်ကြီး ဦးကမန်းဒူနော်နဲ့ အစိုးရဝန်ထမ်းတွေဟာ ဖားကန့်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေကို သွားရောက်စစ်ဆေးပြီး အပြန်လမ်းမှာ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်။