တနိုင်းမှာ စစ်တပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက်

RFA Burmese
2023.07.08
တနိုင်းမှာ စစ်တပ်စခန်းနှင့် ပြည်သူ့စစ်စခန်းကို KIA တိုက်ခိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
KIA

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာအနီးမှာရှိတဲ့ ခ.လ.ရ -၂၉၇ တပ်ရဲ့ လက်အောက်ခံတပ်စခန်းနဲ့ ဝါရဇွပ် ပြည်သူ့စစ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဇူလိုင်လ ၈ ရက် မနက် ၄ နာရီကျော်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစခန်း နှစ်ခုစလုံးကို KIA က တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မနက်ကိုးနာရီကျော်အထိ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီး စစ်ကောင်စီ တပ်စခန်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရှဒူးဇွပ်ရွာဘက်ကို ပစ်ခတ် နေတယ်လို့ အမည်မဖော်လိုတဲ့ ရှဒူးဇွပ်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီမနက်အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ အပြန်အလှန်ပစ်သံရော ကြားနေရတာ။ စခန်းနှစ်ခုစလုံး KIA သိမ်းဆည်းလိုက်ပြီလို့ သတင်းတွေကြားတာလည်း ရှိပေမယ့် ဒါကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်တပ်ဘက်ကလည်း ဒီစခန်းက သူတို့အတွက် အရေးပါတော့ တော်ရုံအသိမ်းခံမှာ မဟုတ်သလို ဝါရဇွပ် ပြည်သူ့စစ် အဖွဲ့ကလည်း လက်နက်အင်အား တောင့်တင်းတော့ တော်ရုံသိမ်းလို့ရမယ် မထင်ဘူး"

စခန်းနှစ်ခုစလုံးကို KIA ကသိမ်းလိုက်ပြီလို့ သတင်းတွေကြားနေရပေမယ့် အသေးစိတ် မသိရသေးဘူးလို့ ရှဒူးဇွပ်ရွာသားတွေက ပြောပါတယ်။

ဒေသခံတွေကတော့ တိုက်ခိုက်မှုတွေဆက်ရှိနေရင် ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရှဒူးဇွပ်၊ ဝါယာဇွပ်ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့နဲ့ သုံးမိုင်အကျော်က နန်ဆန်ယန်ရွာအနီးမှာလည်း ဒီနှစ် ဇွန်လ စတုတ္ထပတ်ကတည်းက စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။