ဖရူဆိုမြို့နယ် မိုဆိုရွာနားမှာ လူ ၃၀ ထက်မနည်း မီးရှို့အသတ်ခံရ

2021.12.24
ဖရူဆိုမြို့နယ် မိုဆိုရွာနားမှာ လူ ၃၀ ထက်မနည်း မီးရှို့အသတ်ခံရ ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ ကားများကို တွေ့ရစဉ်
Photo: CJ

ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီ တပ်တွေနဲ့ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးကြရင်း မိသားစုလိုက်ပါလာတဲ့ လူ ၃၀ ထက်မနည်း မီးရှို့သတ်ဖြတ်ခံလိုက်ရတယ်လို့ KNDF အဖွဲ့နဲ့ ကရင်နီ လူ့အခွင့်ရေးအဖွဲ့ကပြောကြပါတယ်။

ထွက်ပြေးကြတဲ့ ရွာသားတွေ စစ်ကောင်စီတပ်နဲ့တွေ့ချိန်မှာ အခုလိုဖြစ်တာလို့ ကရင်နီကာကွယ် ရေးတပ် KNDF ဗဟိုပြန်ကြားရေး တာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ အတည်ပြုတာကတော့ သုံးနာရီဝန်းကျင်လောက်မှာ ဖြစ်သွားတာ။ တိုက်ပွဲကြားမှာ ထွက်ပြေးနေရင်းနဲ့ စစ်ကောင်စီနဲ့ ဖရူဆိုအကျော်မှာတိုးတော့ ကားကိုရပ်လိုက်ပြီး ကားပေါ်တင် မီးရှို့ သတ်လိုက်တယ်"

ဒီဇင်ဘာလ ၂၄ ရက်နေ့ မနေ့ မနက်ပိုင်းက မိုဆိုရွာထဲ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့ KA နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တို့ လေးနာရီကျော် တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ရွာသားတွေ ထွက်ပြေးကြတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကြောင့် ထွက်ပြေးကြတဲ့ ရွာသားတွေထဲက အဲဒီလူတွေဟာ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တွေ့ပြီး အခုလို ဖြစ်ရတာလို့ ကရင်နီ လူ့အခွင့်ရေးအဖွဲ့ ( KnHRG) က ဦးဗညားက ပြောပါတယ်။

“ဖရူဆိုမြို့ရဲ့ အနောက်ဖက်မှာရှိတဲ့ အုတ်ဖိုရွာကိုသွားတဲ့ လမ်းမပေါ်မှာ တိုက်ပွဲဖြစ်တော့ ရွာသားတွေ ထွက်ပြေးတဲ့အချိန်မှာ တချို့ပိတ်မိသွားတယ်။ တချို့ကတော့ ပြေးလွတ်သွားတာရှိတယ်။ ကားသုံးစီး၊ အိမ်စီးကား နှစ်စီး၊ ဆိုက်ကယ်တွေပါတယ်။ မနေ့ညကတည်းက မီးရှို့တာတွေ့တယ်။ တပ်ကပြန် ဆင်းသွားတယ်။ မနက်အစော သွားစစ်တော့ သေဆုံးနေတာတွေ တွေ့ရတာပေါ့"

ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်မှာလည်း အဲဒီ မီးရှို့ခံလိုက်ရတဲ့ မိုဆိုရွာအနားမှာ တိုက်ပွဲတွေဆက်ပြီး ဖြစ်နေ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က တပ်မ (၆၆)၊ ခမရ (၁၀၈) တို့က မိုဆိုရွာနဲ့ အနားတစ်ဝိုက်ရွာတွေထဲ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာကနေ ကရင်နီလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်တာလို့ KNDF အဖွဲ့က ပြောပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ဖို့ ဝင်ရောက်တားမြစ်ခဲ့တဲ့ နယ်ခြားစောင့်တပ်ရင်း (၁၀၀၄) က တပ်ဖွဲ့ ဝင် လေးယောက်ကိုလည်း စစ်ကောင်စီက သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနေ့ညကတည်းက မီးရှို့တာတွေ့တယ်။ မနက်အစော သွားစစ်တော့ သေဆုံးနေတာတွေ တွေ့ရတာပေါ့"

အခုလို အစုအလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးနေပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဖရူဆိုမြို့နယ်ထဲ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင် တွေက ကားတွေကို ရပ်တန့်စစ်ဆေးတဲ့အခါမှာ ကားပေါ်ပါလာတဲ့ KNPP နဲ့ PDF အဖွဲ့တွေက ရပ်မပေးဘဲ လက်နက်ငယ်တွေ၊ ဗုံးတွေနဲ့ ပစ်လို့၊ သူတို့တပ်ဖွဲ့တွေက ပြန်ပြီးပစ်ခတ် တိုက်ခိုက်ရတဲ့အကြောင်း သတင်း ထုတ်ပြန်ပါတယ်။ အဲဒီဖြစ်ရပ်မှာ လက်နက်တွေ၊ ပြောက်ကျား ဝတ်စုံတွေနဲ့အတူ စားသောက်ကုန်တွေပါ တွေ့ရပြီး လူတွေကို အသေဖမ်းဆီးရမိတယ်လို့ ရေးသား ထားပါတယ်။

Hpruso-car-burnt
(ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ ကားများကို ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်) Photo: CJ

ဒါပေမဲ့ ဘယ်နှစ်ယောက်ကို အသေဖမ်းဆီး ရမိတယ်ဆိုတာ ထည့်သွင်း ဖော်ပြမထားသလို၊ မီးလောင် သေဆုံး နေတာတွေကိုလည်း ရှင်းရှင်းလင်းလင်းဖော်ပြထားတာ မတွေ့ရပါဘူး။

မီးလောင် သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီးတွေ လူမမယ် ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ကရင်နီတွေ ဘက်က ပြောကြပါတယ်။

စစ်ကောင်စီရဲ့ ခုလို အကြမ်းဖက်လုပ်ရပ်တွေကို အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီက ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ဒီကနေ့ ဖြစ်ရပ်တွေက တစ်ပြည်နယ်၊ ဒေသတခုနဲ့သက်ဆိုင်တာမဟုတ်ပဲနဲ့ ပြည်သူလူထုအားလုံးနဲ့ သက်ဆိုင်တဲ့ ဖြစ်ရပ်တွေဖြစ်တယ်လို့ခံယူပါတယ်။ ဒီလိုဖြစ်ရပ်တွေကို လုံးဝခွင့်လွှတ်စရာ အကြောင်း မရှိဘူး၊ ဒါကိုလည်း ဘယ်လို ဝိုင်းဝန်းဆောင်ရွက်မလဲဆိုတာ အများကနေ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ဒီနေ့ မဖြစ်သေးရင်တောင် နောက်နေ့ ဖြစ်လာမယ့် အနေအထားတွေပါ။ ဘာလို့လဲဆို စစ်ကောင်စီက အစွမ်းကုန် သတ်ဖြတ်ရက်စက်မှုတွေ ကျူးလွန်လာတယ်။”

ကယားပြည်နယ်မှာ မေ ၂၀ ရက်ကစပြီး တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်နေတဲ့အတွက် စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲ ကျော်ထိ ရှိနေပြီး နေအိမ် အဆောက်အအုံ ၆၅၂ လုံးကျော် ပျက်စီးခဲ့ရတယ်လို့ ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်တာခံရသူ ဒေသခံစုစုပေါင်း ၁၃၃ ဦး ရှိတယ်လို့ ကရင်နီပြည်နယ် လူမှုကွန်ယက် အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်တာ အိမ်တွေ မီးရှို့တာတွေကို စစ်ကိုင်းတိုင်းထဲက ကနီ၊ ဆားလင်းကြီးမြို့နယ်တွေ အပါအဝင် မကွေးတိုင်းထဲက မြို့နယ်တွေမှာလည်း ကျူးလွန်ထားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-12-25 01:55

တာဝန်ရှိ နိုင်ငံ တကာကြီးများကြည့်ကောင်းလို့ကြည့်နေတာလားမသိ