ဖရူဆိုမြို့နယ်အနောက်ခြမ်းကရွာတွေ လေကြောင်းနဲ့ ဗုံးကြဲခံရ

RFA Burmese
2023.07.07
ဖရူဆိုမြို့နယ်အနောက်ခြမ်းကရွာတွေ လေကြောင်းနဲ့ ဗုံးကြဲခံရ ဖရူဆိုမြို့နယ်၊ ခီလိုပရားရွာတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် နေအိမ်တစ်လုံးအား ၂၀၂၃ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ ခီလိုပရားရွာကို ဇူလိုင် ၇ ရက် ဒီနေ့မနက် ၄ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ် သုံးဆယ်ဝန်းကျင်သာရှိတဲ့ ခီလိုပရားရွာမှာ ဒေသခံ တစ်ရာကျော်နေထိုင်ပြီး တခြားထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကျောင်းပြန်ဖွင့်တဲ့ စာသင်ကျောင်းတွေရဲ့ သတင်းအချက်အလက်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုကို ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ပညာရေးအဖွဲ့တွေက လက်မခံတာကြောင့် အခုလို လေကြောင်းတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက RFA ကို ပြောပါတယ်။

“သူတို့ တောင်းဆိုချက်ကို လက်မခံရင် ရွာတွေ၊ ကျောင်းတွေကို ဗုံးကြဲမယ်လို့ ပြောထားတာရှိတယ်။ အဲဒါကြောင့်လား စဉ်းစားစရာရှိတယ်”

ဖရူဆိုမြို့နယ်အနောက်ခြမ်းက ရွာလေးရွာကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇွန်လထဲမှာ လေကြောင်းကသုံးကြိမ် တိုက်ခိုက်ခဲ့ပြီး အခုတစ်ကြိမ်နဲ့ဆို လေးကြိမ်မြောက်ရှိပြီလို့ သူက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုရွာကိုလည်း ဇူလိုင်လ ၆ ရက် မနေ့က နေ့လယ်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ကလည်း ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် လိုပူရွာမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင်သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။