ကယားမှာ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေ၊ ၁၅ ယောက်သေဆုံး
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီ တပ်မတော် (KA) ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့ (KNDF)၊ ဒေသခံခုခံကာကွယ်ရေး တပ် PDF ပူးပေါင်းအဖွဲ့တွေ ဇန်နဝါရီ ၂၁ ရက် မနေ့က တစ်နေ့လုံး တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဘက်က ညနေ ၅ နာရီခွဲလောက်မှာ လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ည ၉ နာရီမှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီးမော့ဆို ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီဒေသကတော့ အရပ်သားပြည်သူတွေတော့ မရှိတော့ပါဘူး။ ဒေါပိုးစီတို့ ၅ မိုင်၊ ၆ မိုင် တစ်လျှောက်ဆို PDF လေးတွေပဲရှိမယ်။ စစ်ဘေးရှောင်ကုန်ပြီလေ မရှိတော့ဘူး။ လူကြီး၊ လူငယ်၊ ကလေး ပြေးကုန်ပြီ။ ကျွန်တော်တို့ မရှိတာ ၆ လလောက်ရှိပြီ။ အဲဒီ နေရာမှာဆိုရင် စပြေးရတဲ့နေရာ။ အခုထိ ပြန်နေလို့မရဘူး။ အဲဒီနေရာတွေက စစ်တလင်းနေရာ ဖြစ်နေတာလေ။ အိမ်တွေဆိုလည်း မီးလောင်တာ တစ်ဝက်ကျော် လောက် ပါသွားပြီ”
အဲဒီတိုက်ပွဲအတွင်းမှာ ကရင်နီ လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေဘက်က သုံးယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KNDF) ကပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ များနိုင်တယ်လို့ KNDF က ယူဆပေမယ့် RFA က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မရှိပါဘူး။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေါရောက်ခူကျေးရွာအုပ်စု ထီးတူးခူ ရွာအနီးမှာ စစ်ကောင်စီ တပ်သားတွေ လေထီးတွေနဲ့ ဆင်းလာပြီး အင်အားထပ်ဖြည့် သွားတယ် လို့လည်း ဆိုပါတယ်။
" အခုထိ ပြန်နေလို့မရဘူး။ အဲဒီနေရာတွေက စစ်တလင်းနေရာ ဖြစ်နေတာလေ။"
ဒါ့အပြင် လွိုင်ကော်မြို့ထဲမှာ ကျန်နေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ကြဖို့ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) ကလည်း သတိပေးချက် ထုတ်ပြန်ပါတယ်။
ဒါဟာ လွိုင်ကော်မြို့နေ ပြည်သူတချို့လည်း တိုက်ပွဲအတွင်းမှာ အသတ်ခံခဲ့ရတာတွေ ရှိနေတာကြောင့် ပြည်သူတွေ အန္တရာယ်ကင်းစေနိုင်ဖို့ ထုတ်ပြန်တာလို့ ကရင်နီ ဒီမိုကရက်တစ် တပ်ဦး (KDF) က ပြန်ကြားရေး တာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။
“လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်လောက်က ကျွန်တော်တို့ စစ်တမ်း ကောက်ယူချက်အရ လွိုင်ကော်မြို့နေ ပြည်သူ ၁၅ ဦးလောက် အသတ်ခံခဲ့ရတာပေါ့။ အဲဒီအတွက် ပြည်သူ တွေကို လုံခြုံတဲ့နေရာ ရွေ့ပြောင်းကြဖို့အတွက် ထုတ်ပြန်ချက် ထုတ်လိုက်တာဗျ။ အမြန်ဆုံး လုံခြုံစိတ်ချရတဲ့နေရာကို ပြောင်းရွှေ့ နေထိုင်ပေးကြဖို့ မနေ့က ထုတ်လိုက် တာ။ မြို့သိမ်းတိုက်ပွဲ စိန်ခေါ်တဲ့ ကြေညာချက်မဟုတ်ဘူး။ ပြည်သူတွေ ဘေးကင်းမှ လုပ်ဆောင်လို့ရမှာလေ။ မြို့သိမ်းတိုက်ပွဲကတော့ မရှိသေးဘူး မြို့ပြပြောက်ကျား အဆင့်ပဲ သွားဦးမှာဗျ ”
ပြီးခဲ့တဲ့နှစ်ပတ်အတွင်း လွိုင်ကော်က တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သား ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ဒါရိုက်တာ ဦးဗညားက သေဆုံးသူ ၁၀ ယောက်စာရင်း ရရှိထားတယ်လို့ ဆိုပါတယ်။
“စစချင်း ဇန်နဝါရီ ၆ ရက်၊ ၇ ရက်မှာ ခြောက်ယောက် ဆုံးသွားတယ်။ ခြောက်ယောက် ထဲမှာ အမျိုးသား ငါးယောက်ပါတယ်။ အမျိုးသမီးက တစ်ယောက်ပါတယ်ဆိုတာ ကျွန်တော်တို့ သိရတယ်။ နောက်ပြီး ဆိုင်ကယ်စီးပြီး အပစ်ခံရတာက နှစ်ယောက် ပေါ့နော်။ ဒါနဲ့ဆို ရှစ်ယောက်။ ဒီကြားထဲမှာ ကျွန်တော်တို့ သေဆုံးအလောင်း နှစ်လောင်း ထပ်တွေ့တာ ရှိပါတယ်။ ဘယ်သူက ဘယ်လိုဖြစ်မှန်း မသိဘူးပေါ့နော်။ နောက်ထပ် အိမ်ပေါ်မှာ ဗုံးထိလို့ သေသွားတဲ့ တစ်ယောက်ရပါတယ်။ စုစုပေါင်း ၁၁ ယောက် နီးပါးရှိပါတယ်”

သေဆုံးသူတွေထဲမှာ အမျိုးသား အများစု ပါဝင်နေပြီး အသက်အရွယ် အတိအကျကိုလည်း ခွဲခြားဖို့ စုံစမ်းနေဆဲပဲလို့ ဦးဗညားက ဆိုပါတယ်။
လက်ရှိ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်ရက် ဆက်ဖြစ်ပွားနေပြီး ဖရူဆိုမြို့နယ် အပါအဝင် ပြည်နယ်အနှံ့အပြားမှာ တိုက်ပွဲတွေ ပျံ့နှံ့လာနိုင်တယ်လို့ သူက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် ဒေသခံ တစ်ယောက်ကတော့ တိုက်ပွဲတွေကြောင့် အဆုံးအရှုံးများနေပြီး အခုလည်း နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာနိုင်ချေရှိလို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ထားတယ်လို့ ဆိုပါတယ်။
ကယား (ကရင်နီ) ပြည်နယ်ထဲ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေပြီး စစ်တပ်က မြေပြင်ကရော လေကြောင်းကနေပါ အင်အားသုံး တိုက်ခိုက်နေတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် လတ်တလော ဖုန်းဆက်လို့မရသေးပါဘူး။
ကယား (ကရင်နီ) ပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် အရေအတွက်ဟာ တစ်သိန်း ခုနှစ်သောင်းကျော် ရှိနေပြီလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ဇန်နဝါရီ ၂၂ ရက်နေ့အထိ စာရင်းအရ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ ကယားပြည်နယ်ထဲက တောတွေ တောင်တွေ ထဲ ပုန်းအောင်း တိမ်းရှောင်နေရသလို၊ တချို့က တခြားတိုင်းတွေ ပြည်နယ်တွေဘက် ထွက်ပြေးသွားပြီး၊ တချို့ကတော့ ထိုင်းနယ်စပ်ဘက် ထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။