ကောလင်းက ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျည်ကျလို့ ကိုရင်တစ်ပါး ပျံလွန်

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲက မင်္ဂလာဇေယျုံကျောင်းတိုက်ထဲ ဒီဇင်ဘာ ၃၁ ရက်နေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကိုရင်တစ်ပါး ပျံလွန်တော်မူသွားတယ်လို့ ကောလင်းမြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာ အဲဒီ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အသက် ၁၆ နှစ်အရွယ် ကိုရင်တစ်ပါး ပျံလွန်ခဲ့ရတာလို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်။
"New Year အချိန်မှာ သူတို့စခန်းတွေကို ကျွန်မတို့ PDF တွေက တိုက်ခိုက်လို့ပေါ့လေ။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်လိုက်တာမှာ အဲဒီလို ဖြစ်သွားတာရှင့်"
ဒီဇင်ဘာ ၃၁ ရက်ညက ကောလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတချို့ကို ဒေသခံကာကွယ်ရေး PDF တပ်တွေက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့တယ် လို့လည်း ပြောပါတယ်။
စစ်ကောင်စီဘက်ကပစ်လိုက်တဲ့ အဲဒီလက်နက်ကြီးဒဏ်ကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ် လို့လည်း အဲဒီဒေသခံက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။
အဲဒီ ဘုန်းကြီးကျောင်းဟာ ကောလင်းမြို့ပေါ် ရှမ်းကုန်းရပ်ကွက်မှာ တည်ရှိပြီး ဒေသအခေါ် ရှမ်းကုန်း ကျောင်းတိုက် လို့လည်း ခေါ်ပါတယ်။