ကော့ကရိတ်မှာ လေယာဉ်နဲ့ လက်နက်ကြီးကြောင့် နေအိမ်ခြောက်လုံး မီးလောင်
2022.12.31

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ဘက်ခြမ်းနေရာတွေကို ဒီဇင်ဘာလ ၃၀ ရက် မနေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တဲ့အပြင် ဂျက်တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲခဲ့တာကြောင့် နေအိမ်ခြောက်လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂျက်လေယာဉ်တွေနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) သတင်းအရင်းအမြစ်က RFA ကို ပြောပါတယ်။
“မနေ့က လေယာဉ် သုံးခါလာတယ်။ တစ်နာရီခွဲမှာ တစ်ကြိမ် လာပစ်တယ်။ နှစ်နာရီကျော်မှာ တစ်ကြိမ် လာပစ်တယ်။ သုံးနာရီထိုးကာနီး တစ်ကြိမ်လာပစ်တယ်။ ညပိုင်းကျတော့ လက်နက်ကြီးကလည်း အချိန်တိုင်း ပစ်နေတာ။ ဒီမနက်လည်း လက်နက်ကြီးက မနက် ၈ နာရီကတည်းက ပစ်နေတာ။ မနေ့က ကော့နွဲမှာ အိမ်ခြောက်လုံး မီးလောင်သွားတယ်။ ဒေသခံတွေကတော့ မရှိတော့ဘူး။ ပြေးနေတာ ကြာပြီ”
KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ကော့ကရိတ်မြို့အစပ်နဲ့ အာရှလမ်းမကြီးမှာ နေရာယူထား တာကြောင့် စစ်ကောင်စီတပ်သားတွေ မြို့ပြင်ထွက်မလာဘဲ လေယာဉ်နဲ့ လက်နက်ကြီးကို သာ အသုံးပြုတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်ဒေသခံတစ်ဦးကလည်း မနေ့က လေယာဉ်နဲ့ရော မြေပြင်ကပါ ပစ်ခတ်တာ ကြားခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ကော့ကရိတ်မြို့တွင်း လေးဖာလုံလောက်ပဲ ဝေးတဲ့နေရာမှာကို ပစ်ခတ်မှုတွေက ဖြစ်နေတာ။ ဒီမနက်လည်း တိုက်ပွဲဆက်ဖြစ်နေတယ်။ တိုက်ပွဲဖြစ်လို့ ကန့်လန့်ခံပြီး ပိတ်ထားတဲ့ တွဲကားလည်း မီးလောင်သွားပြီ။ ထိခိုက်ဒဏ်ရာရှိတာမျိုးတော့မကြားဘူး”
လက်နက်ကြီးအပြင် ဂျက်တိုက်လေယာဉ်နဲ့ လာပစ်တာလို့ ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ် ကော့နွဲရွာအနီးမှာဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်အဆင့် အရာရှိတစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့တယ်လို့ KNLA ဘက်က ပြောပါတယ်။
ကော့ကရိတ်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ ရက်ကနေ ဒီဇင်ဘာလ ၃၀ ရက်အထိ နှစ်ဖက် တိုက်ပွဲအတွင်း ဒေသခံသုံးဦး သေဆုံးပြီး တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ခင်နိမ်းမူဂိတ်အမှတ် - ၃ ကို KKO ခွဲထွက် အဖွဲ့နဲ့ PDF တွေ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး လာရောက်တိုက်ခိုက်သူတွေ ပြန်ဆုတ်ခွာသွားတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၂၃ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။