နိုင်ငံရေးပြဿနာကို ရိုးသားမှုနဲ့ ပြေလည်အောင်ဆောင်ရွက်ဖို့ KNU တိုက်တွန်း
2024.12.29

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ရိုးသားစွာဖြေရှင်းပေးတာ၊ ပြေလည်အောင် ဆောင်ရွက်ပေးနိုင်တာမရှိရင် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မိန့်ခွန်းမှာ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောဆိုလိုက်တာပါ။
ကရင်လူမျိုးတွေရဲ့ ရှင်သန်ရပ်တည်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံကို အုပ်ချုပ်သူတွေ အာဏာရသူတွေက တရားတဲ့နည်းလမ်းတွေနဲ့ မဖြေရှင်းခဲ့တဲ့အပြင် လက်နက်အားကိုးနဲ့ အင်အားနည်းသူတွေကို ဖိနှိပ်ခြယ်လှယ် ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၁၉၄၉ ခုနှစ်ကစခဲ့တဲ့ ကရင်အမျိုးသားရေး ရုန်းကန်လှုပ်ရှားမှုတွေဟာ လက်နက်ကိုင်တော်လှန်ရေးပုံစံကို ပြောင်းလဲခဲ့တာ ဒီနေ့အထိပဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။
KNU ဥက္ကဋ္ဌ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ကရင်အမျိုးသားအစည်းအရုံးက တိုက်ပွဲဝင်နေတာဟာ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး တစ်ခုတည်းအတွက်မဟုတ်ဘဲ မဟာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ် အမျိုးမျိုးကို အပြီးတိုင်ချုပ်ငြိမ်း ပျက်သုဉ်းသွားတဲ့အထိ တိုက်ဖျက်သွားဖို့ဖြစ်ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
KNU အနေနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ရပ် ပေါ်လာစေဖို့ စွမ်းရည်မြှင့်တင်တာတွေကို အားသွန်ခွန်စိုက် တိုးမြှင့်လုပ်ဆောင်နေတဲ့အပြင် "ကော်သူးလေအစိုးရ" အနေနဲ့ ရပ်တည်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ကရင်လူငယ်အစည်းအရုံး (ဗဟို) ကလည်း အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကရင်မျိုးနွယ်စုအားလုံး စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြဖို့ ကရင်အမျိုးသားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
ကရင်အမျိုးသားတွေအပါအဝင် တိုင်းရင်းသား ပြည်သူအားလုံးဟာ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒရဲ့ ဖိနှိပ်မှုဒဏ်တွေကို ခံနေရဆဲဖြစ်တာကြောင့် လွတ်မြောက်ဖို့အတွက် တော်လှန်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း ကရင်လူငယ်အစည်းရုံးရဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဒီနေ့ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်အမျိုးသမီးအဖွဲ့အစည်းကလည်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။