အာဏာသိမ်း ၂၂ လအတွင်း ကန့်ဘလူခရိုင်မှာ ဒေသခံ ၈၀ ကျော်သေဆုံး
2022.12.18

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေမှာ ဒေသခံ ၈၁ ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့က ဒီဇင်ဘာလ ၁၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲ အသက်မပြည့်တဲ့ ကလေးငယ်သုံးဦး ပါဝင်ပြီး ကျွန်းလှမြို့နယ်မှာ ၁၉ ဦးနဲ့ ကန့်ဘလူမြို့နယ်မှာ ၆၂ ဦးသေဆုံးခဲ့တာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့တာဝန်ခံက RFA ကိုပြောပါတယ်။
“ဒီဟာက ကျနော်တို့ လက်လှမ်းမီသလောက်ပဲ ရှိသေးတယ်။ တခြားမရနိုင်တဲ့ အချက်အလက်တွေလည်း ရှိနိုင်ပါတယ်။ သေဆုံးမှုဖြစ်စဉ်တွေမှာ လက်နက်ကြီး ထိမှန်တာ၊ ကျည်ထိမှန်တာ၊ မီးရှို့အသတ်ခံရတာနဲ့ ဖမ်းဆီးပြီး သတ်ဖြတ်ခံရတာတွေ ပါဝင်ပါတယ်”
အသက်မပြည်တဲ့ ကလေးသုံးဦးကတော့ မိတ်သလင်ကုံးရွာက အသက် (၅) နှစ်အရွယ် မောင်အောင်မြင့်မြတ်၊ ဇီးကနားရွာက အသက် (၁၃) နှစ်အရွယ် မောင်ပိုင်ဆက်ထူးနဲ့ ရှော်ဖြူကုံးရွာက အသက် (၁၇) နှစ်အရွယ် မောင်ဝင်းဝင်းသူတို့ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အသက် ၁၇ နှစ်အရွယ် မောင်ဝင်းဝင်းသူကတော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှာ တခြားဒေသခံ ၁၃ ဦးနဲ့ အတူ စစ်ဘေးရှောင်ရင်း စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၃၆၃) ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် သတ်ဖြတ်ခံလိုက်ရတာလို့ ကန့်ဘလူ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ကန့်ဘလူမြို့နယ်၊ ရှော်ဖြူကုံးရွာခံ ၁၃ ဦးအသတ်ခံရမှုနဲ့ ဩဂုတ်လ ၂၆ ရက်က ကျွန်းလှမြို့နယ် တယ်ပင်ဆိပ်ရွာက ဒေသခံခုနစ်ဦး အသတ်ခံရမှုလည်း ပါဝင်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့တာဝန်ခံက ပြောပါတယ်။
ဒီသတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ် အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်အထိ နိုင်ငံတစ်ဝန်း သေဆုံးသူ ၂၆၀၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။