တိုက်ပွဲကြောင့် ကလေးမြို့တောင်ပိုင်းက ဒေသခံသုံးထောင်ကျော် ထွက်ပြေး
2023.09.27

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာ စက်တင်ဘာလ၂၆ ရက်ကစလို့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် မြို့လှရပ်ကွက်၊ အင်ဒိုင်းကုန်းကျေးရွာနဲ့ အောင်သာယာ ကျေးရွာတွေက အရပ်သားသုံးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ အောင်သာယာကျေးရွာမှာ စက်တင်ဘာ ၂၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအပြင် မနေ့ညနေပိုင်းက မြို့လှရပ်ကွက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့လှရပ်ကွက်နဲ့ အင်ဒိုင်းကုန်းရွာမှာ စစ်ကောင်စီတပ်က တပ်စွဲထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့က ကား သုံးစီးနဲ့လာတာ။ နေအိမ်တွေထဲကို ဝင်လာပြီး ကျွန်တော်တို့ တခြားနေရာ သွားနေကြ၊ တစ်ပတ်လောက် သူတို့ အိမ်တွေထဲမှာ နေမယ်လို့ လာပြောကြတာ။ ပြီးတော့ မနေ့က မြို့လှထဲမှာ ပစ်ခတ်မှုဖြစ်ကြသေးတယ်။ အဲတော့ ကျွန်တော်တို့ ကြောက်ပြီး ပြေးကြရတာ”
စက်တင်ဘာ ၂၇ ရက် ဒီကနေ့မှာလည်း ကလေးမြို့တောင်ပိုင်းမှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် ( ၈၁၃၂၀၀) ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။