ကလေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတစ်ရာကျော်ကို ကယ်ထားကြောင်း NUG ပြော
2024.02.27

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတစ်ရာကျော်ကို ဘေးလွတ်ရာကို ကယ်ဆယ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေက ပြောပါတယ်။
ရာနဲ့ချီတဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီလက်ကနေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က RFA ကို ပြောပါတယ်။
"ကလေးတက္ကသိုလ်မှာ CDM ဆရာဆရာမတွေကို စစ်တပ်လက်ထဲကနေ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တယ်၊ ရာနဲ့ချီရှိတဲ့ CDM ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေကို ကျွန်တော်တို့တွေက ဘေးကင်းတဲ့နေရာကို ခေါ်ဆောင်နိုင်ခဲ့တယ်၊ ကလေးမြို့ကို ကျွန်တော်တို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေတဲ့အချိန် ဒီကလေးတက္ကသိုလ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက တပ်စွဲပြီးတော့ အကြမ်းဖက်မှုတွေလုပ်နေတာ အဲထဲကနေ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေက ကယ်ထုတ်နိုင်ခဲ့တယ်"
နိုင်ငံတကာမှာ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေနဲ့ ဆေးရုံတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်မစွဲဖို့ ပြဋ္ဌာန်းထားပေမဲ့ ကလေးတက္ကသိုလ်မှာ အေးချမ်းစွာပညာသင်ရမဲ့နေရာကို စစ်ကောင်စီနဲ့လက်အောက်ခံတပ်တွေက တပ်စွဲတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့လည်း ဦးကျော်ဇော်က ပြောပါတယ်။
NUG ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကလေးတက္ကသိုလ်ထဲ ဝင်ရောက်ပြီး စာသင်ဆောင်တွေထဲက ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေကို ဖမ်းဆီးထားတာကြောင့် သွားရောက်ကယ်ဆယ်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
ဆရာ၊ ဆရာမ၊ ဝန်ထမ်းနဲ့ ကျောင်းသား၊ ကျောင်းသူ ၁၈၅ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းနဲ့ ဖမ်းဆီးခံရသူတွေ ပြန်လွတ်မြောက်အောင် ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၆ ရက်အထိ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး တစ်ပတ်အတွင်း ဒေသခံ ဆယ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကလေးမြို့နယ်မြောက်ပိုင်း တိုက်ပွဲနဲ့ ကလေးတက္ကသိုလ် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့၀င် ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တာ၀န်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ကလေးမြို့ပေါ်က ဒေသခံ ငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။