ပြည်သူတွေ လေကြောင်းတိုက်ခိုက်မှု သတိထားဖို့ ဂန့်ဂေါ PDF သတိပေး
2025.02.16

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံပြည်သူတွေ လေကြောင်းတိုက်ခိုက်တာတွေကို သတိထားကြဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က ဖေဖော်ဝါရီ ၁၆ ရက်နေ့က သတိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကို ပြည်သူတွေ ကြိုတင်ကာကွယ်ရှောင်ရှားဖို့နဲ့ အသက်ဆုံးရှုံးတာတွေမဖြစ်အောင် လေကြောင်းသတိပေးချက်ကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး ထိခိုက်သေဆုံးတာတွေ နေ့တိုင်းနီးပါးရှိနေတာကြောင့် သတိထားဖို့ ထုတ်ပြန်တာလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကလေးမြို့တောင်ပိုင်းကတော့ ရပ်ရွာတွေမှာ ပြည်သူတွေနေထိုင်လို့မရလောက်အောင်ထိ လေကြောင်းနဲ့တိုက်ခိုက်နေတာပါ။ ပြည်သူတွေအနေနဲ့တော့ လေကြောင်းတိုက်ခိုက်မှုရန်က ရှောင်ရှားဖို့ကတော့ ရပ်ရွာအတွင်းမှာနေထိုင်ရင်လည်း ဆူညံသံတွေ အတတ်နိုင်ဆုံး မလုပ်ကြဖို့နဲ့ လေကြောင်းသတိပေးချက်တွေ လက်လှမ်းမှီသလောက် သတိတော့ပေးနေပါတယ်။ ပျူစောထီးရွာတွေနဲ့ ထိစပ်နေတဲ့ မိမိတို့ ဂန့်ဂေါနယ်လည်း ပြည်သူတွေ အထူးသတိထားနိုင်ဖို့နဲ့ ထိခိုက်ဆုံးရှုံးမှု အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင် မြို့နယ်အနေနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်”
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကလေးမြို့နယ်တောင်ပိုင်း သံဖိုရွာနဲ့ နတ်ချောင်းရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် တစ်လသားအရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ကလေးတောင်ပိုင်းမှာ လေကြောင်းကနေ စာသင်ကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတွေကို အဓိကထားပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းက ကလေး-ဂန့်ဂေါလမ်းပိုင်းမှာရှိတဲ့ ကမ္ဘားနီတံတားအနီးက စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၃ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား နေ့တိုင်းထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာဆယ်ရွာဝန်းကျင်က လူတစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။