ကလေးမှာ စစ်ဆင်ရေးကြောင့် ဒုက္ခသည် တစ်သောင်းကျော် နေရပ်ပြန်ဖို့ခက်နေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ လောက်ကစပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံ တစ်သောင်းကျော်ဟာ ဒီနေ့အထိ နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေကြောင့် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ဝေဘူလ၊ ရေစို၊ ငဖား၊ အောင်ချမ်းသာ၊ သာစည်၊ ရေရှင်၊ အင်းကျွန်း စတဲ့ ကျေးရွာ ၁၁ ရွာက ပြည်သူတွေဟာ တခြားရွာတွေနဲ့၊ တောတောင်တွေထဲမှာ ခိုလှုံနေကြရတာပါ။
အဲဒီအထဲမှာ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေရသူဟာ အများဆုံးဖြစ်ပါတယ်။ သူတို့ရဲ့ ရွာအနီးနားတွေမှာ စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတာလို့ ကလေးမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်။
"ရှစ်ရွာ၊ ခုနှစ်ရွာလောက်ရှိသေးတယ်။ ရွာနားကိုမကပ်ရဲဘူး ဖြစ်နေကြတဲ့ ရွာတွေ ပေါ့နော်။ တစ်သောင်းကျော်မှာပဲ ရှိအုံးမှာဗျ။ ဝေဘူလဘက်မှာဆိုလို့ရှိရင်လည်း စောတုန်းက ဝေဘူလဘက် ရှောင်တိမ်းစဉ်မှာပေါ့နော် အဲဒီဘက်မှာ တိုက်ပွဲဖြစ်နေ တာဆိုတော့ တောင်ပေါ်ရွာနားမှာဖြစ်နေတာဆိုတော့ ပိတ်မိနေတဲ့ စစ်ဘေး ဒုက္ခသည်တွေ ရှိသေးတယ်ဆိုတော့ တစ်သောင်းကျော်အုံးမှာဗျ"
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ရွာတွေထဲကို ဝင်ပြီးနောက် နေအိမ်တွေ ဖျက်ဆီးတာ၊ ပြည်သူတွေ ပိုင်တဲ့ပစ္စည်းတွေကို ယူဆောင်တာ၊ သံသယနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေကြောင့် နေရပ်ပြန်ဖို့ ကြောက်လန့်နေကြတာလို့လည်း စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
"သူတို့ကတော့ ရွာထဲဝင်လာသူ မှန်သမျှကို သတ်ဖြတ်ပစ်ခတ် နေတာဆိုတော့ ပြည်သူ တွေကတော့ လုံးဝအခုချိန်ထိကို မဝင်ရဲသေးဘူး။ စစ်ဘေးရှောင်နေတယ်ဆိုတဲ့ ဥစ္စာ ကလည်း အခုဟာ ကျမတို့ဆန်တော့ အလှူရှင်တော့ ပေါ်ပေါက်လာသေးတယ်။ နောက်ထပ်ဒီလို ဟင်းချက်စရာတို့ ဆေးဝါးစရိတ်တို့ လိုအပ်မှုတွေ ကျမတို့မှာ ရှိနေဆဲပဲ။ ကယ်တင်နိုင်မယ့် ရွာတွေကို သွားဖို့ပဲ ကျမတို့ တွေးရတော့မှာ။ ဒီတောထဲမှာ နေတယ်ဆိုရင်တော့ ကျမတို့ အစာရေစာငတ်ပြတ်ပြီးတော့မှပဲ ကျမတို့ အတွက်က အခက်ခဲတွေ လုံးဝတွေ့မှာ"
ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ရရာလက်နက်တွေနဲ့ ခုခံတိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက မြေပြင်စစ်ဆင်ရေးတွေသာမက လေကြောင်းစစ်ဆင်ရေးနဲ့ပါ ချေမှုန်း တိုက်ခိုက်နေတာပါ။
"ရွာနားကိုမကပ်ရဲဘူး ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ ရှိသေးတယ်"
လက်ရှိ ထွက်ပြေးရောက်ရှိနေတဲ့ နေရာမှာလည်း စစ်ကောင်စီက တိုက်ခိုက်မှုတွေရှိလာရင် အခြားနေရာတွေကို ထပ်မံတိမ်းရှောင်နိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားရတယ်လို့ သာစည်ကျေးရွာက ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"စိုးရိမ်တာကတော့ စိုးရိမ်တယ်။ ရွာထဲမှာ နေရတဲ့အခါမှာလည်း စိုးရိမ်တယ်။ ထွက်ပြေးရင်လည်း ထွက်ပြေးတဲ့နေရာက စိုးရိမ်နေရသေးတာ။ ပျူစောထီးတွေက တအားပေါတယ်ဆိုတော့လေ။ မနက်ထဆို နှိုးစက်တွေချပြီး အစောကြီးထ။ ထပြီးတော့မှ ထမင်းတွေချက်ထားတယ်၊ ထမင်းတွေထုပ်ထားတယ်"
တောတောင်တွေထဲ ပုန်းနေရတဲ့ သူတွေအထဲမှာ နာမကျန်းသူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ကလေးသူငယ်တွေ ပါဝင်တာကြောင့် ဆေးဝါး၊ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကတော့ လမ်းတွေမှာ ဂိတ်တွေဖွင့်ပြီး အသွားအလာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့အတွက် ဒုက္ခသည်တွေဆီကို အကူအညီတွေပေးဖို့ ခက်နေတယ်လို့ ကလေးမြို့နယ်က အကူအညီပေးနေသူ တစ်ဦးကပြောပါတယ်။

"အရင်ကဆို ကျန်းမာရေးအရ ဆေးဝါးတွေကို ရန်ကုန်၊ မန္တလေးကနေ ထောက်ပံ့တာ တွေကိုတောင်မှ ကျနော် အိမ်က ကားတွေ၊ လိုင်းကားတွေ သွားလာလို့ ရတဲ့အချိန်က အဲလိုမျိုးသယ်တာတွေကို ဖမ်းဆီးတာတွေ၊ သိမ်းဆည်းတာတွေ ရှိတယ်ဗျ။ အခု နောက်ပိုင်းကျတော့ ကျနော်တို့က လမ်းမကြီးအတိုင်း သွားလို့အဆင်မပြေတော့ သယ်လိုရတဲ့ လမ်းကြောင်းတွေနဲ့ ဒေသခံတွေနဲ့ ချိတ်ဆက်ပြီးကာမှ တစ်ရွာနဲ့တစ်ရွာ ဒေသခံတွေ ချိတ်ဆက်ပြီးတော့မှ သယ်ယူပို့ဆောင်ရေးကတော့ တော်တော်ခက်ခဲတယ်။ တသ်ရက်လောက်သွားရမယ့်ခရီးကို သုံး၊ လေးရက် သယ်ယူရတဲ့ အနေအထား ဖြစ်နေတာဗျ"
ဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဇန်နဝါရီ ၂၀ ရက်နေ့က ကလေးမြို့ တောင်ဇလပ်ရပ်ကွက်၊ နေပြည်တော်ကွက်သစ်က စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF အဖွဲ့က ဇန်နဝါရီ ၂၁ ရက်နေ့မှာ မှာ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၁၊ ၂၂ ရက်နေ့မှာလည်း ကလေးမြို့နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိန်ဇိန်ရွောမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီက ကလေးမြို့ကို အခြေပြုပြီး လေကြောင်းသုံးတိုက်ခိုက်တာ၊ အမြောက်တွေနဲ့ လှမ်းပစ် တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် နတ်ချောင်းရွာကဒေသခံ ၂၀ ကျော်သေဆုံးခဲ့သလို နတ်ချောင်း၊ ဟားခါးလေး၊ ရေရှင်၊ အင်းကျွန်း ကျေးရွာတွေက နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီး ခံရတယ်လို့လည်း ပြောကြပါတယ်။