ကလေးနည်းပညာတက္ကသိုလ်မှာ စာမေးပွဲညွှန်ကြားချက် ကန့်ကွက်
2014.09.19
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နည်းပညာတက္ကသိုလ်မှာ ကျောင်းသားကျောင်းသူတွေရဲ့ စာမေးပွဲအဖြေလွှာတွေ ပျောက်ဆုံးခဲ့တာကြောင့် ကျောင်းအုပ်ချုပ်ရေးက အားလုံးပြန်ဖြေဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရာမှာ ကျောင်းသူကျောင်းသားတွေက ကန့်ကွက်လိုက်ကြပါတယ်။
အဲဒီကိစ္စအတွက် ကလေးနည်းပညာတက္ကသိုလ် အုပ်ချုပ်ရေးနဲ့ ကျောင်းသူကျောင်းသားတွေအကြား ညှိနှိုင်းခဲ့ရာမှာ မပြေလည်သေးကြောင်း ကလေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသား ကိုကျော်ကျော်မိုး က ပြောပါတယ်။
"ကျနော်တို့ Qualify ဖြေထားတဲ့သူတွေကျတော့ အမှတ်တွေမှာ နစ်နာတယ်လေ၊ အများကြီးပဲစဉ်းစားတယ်၊ တစ်ကျောင်းလုံးအတွက် မျှအောင်ဆိုပြီးတော့ တစ်ခုပဲတောင်းဆိုတယ်၊ ကျနော်တို့ မှားတဲ့အခါတိုင်း ကျနော်တို့က စနစ်ကျတဲ့ပုံစံနဲ့ ပေးဆပ်တဲ့ဟာတွေ ရှိတယ်လေ၊ ပြစ်ဒဏ်တွေ ၃၊ ၄ နှစ်တွေရောရှိတယ်၊ အခုကျတော့ သူတို့မှားတဲ့အခါကလည်း နောက်တစ်တန်းကို ဒီအတိုင်းတက်ရောင်ခွင့် ပေးကိုပေးရမယ်၊ ကျနော်တို့က အဲ့ဒါပဲတောင်းတယ်"
မနေ့က ကျောင်းအုပ်ဆရာကြီးရုံးခန်း ဖောက်ထွင်းခံရပြီး စာမေးပွဲအဖြေလွှာတွေ ပျောက်ဆုံးခဲ့တာကြောင့် စာမေးပွဲပြန်ဖြေဖို့ ကျောင်းတာဝန်ရှိသူတွေက ကြေညာချက်ထုတ်ခဲ့ပါတယ်။
စာမေးပွဲပြန်ဖြေခိုင်းတာကို မကျေနပ်တဲ့ ကလေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက စာရွက်စာတမ်းခိုးယူတဲ့သူကို ဖော်ထုတ်အရေးယူပေးဖို့၊ ပျောက်ဆုံးသွားတဲ့ အဖြေလွှာစာရင်းကို ထုတ်ပြန်ပေးဖို့နဲ့ စာမေးပွဲပြန်ဖြေခိုင်းတာကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။
ကလေးမြို့ နည်းပညာတက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူဦးရေ တစ်ထောင်လောက်ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာ လ ၈ ရက်နေ့ကနေ ဒီနေ့အထိ စာမေးပွဲဖြေဆိုနေကြတာဖြစ်ပါတယ်။
အဲဒီ့နည်းပညာတက္ကသိုလ်မှာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ဝန်းကျင်လောက်က စာမေးပွဲမေးခွန်းတွေ ပျောက်ဆုံးခဲ့ ဘူးကြောင်းလည်း ကျောင်းသားတွေက ပြောပါတယ်။
RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။