ကလေးမြို့မှာ ဖက်ဒရယ် စနစ် ဟောပြောပွဲ တားမြစ်ခံရ


2014.07.22
forming-the-federal-union-party-305.jpg ဖက်ဒရယ်ယူနီယံပါတီ(FUP)တည်ထောင်ဖို့ ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)က၊ တောင်ကြီးမြို့မှာ ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံဆွးနွေးပွဲကျင်းပခဲ့စဉ်
photo: RFA/ Kyaw Myo Tun

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က ‘သိမ့်’ ခန်းမမှာ ၃ရက်ကြာကျင်းပမယ့် ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ကလေးခရိုင်အုပ်ချုပ်ရေးမှူးက ခွင့်မပြုတဲ့အတွက် တစ်ရက်ကျင်းပပြီးမှ ဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီအလုပ်ရုံဆွေးနွေးပွဲ စီစဉ်သူတစ်ဦးဖြစ်တဲ့ ဒေသခံ ကိုဇမ်းထွမ်းက အခုလိုပြောပါတယ်။

"FOF အဖွဲ့အနေနဲ့ ဒီမြန်မာပြည်မှာက ၂၅ ကြိမ် လုပ်ပြီးပြီ၊ ပြည်ထောင်စုနယ်မြေကစပြီး တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ လုပ်ခဲ့တယ် ၊ ဒီအတောအတွင်းမှာဆိုရင်ပဲ ရွှေဘိုမှာ တစ်ခါလုပ် ခဲ့ပြီးပြီ၊ စစ်တွေမှာလည်းပဲ ဒီလိုမျိုးပဲ ၃ ရက်လုပ်ခဲ့ ပါတယ်၊ စစ်တွေကနေ ဒီကိုရောက်လာတဲ့အချိန် မှာတော့ အပိတ်ခံလိုက်ရတယ်ပေါ့၊ အဲ့ဒီအပေါ်မှာ စိတ်မကောင်းဘူးဗျ၊ တခြားဒီ ၂၅ ပွဲလုံးအဆင်ပြေ ပြီးတော့ ကျနော်တို့နဲ့ကျမှ ဒီလိုမျိုးဖြစ်တယ်ဆိုတော့ ရိုးရိုးပိတ်တာမဟုတ်ပဲနဲ့ တိုင်းဒေသကြီးအဆင့်က အပိတ် ခံရတဲ့ ပုံစံဖြစ်တဲ့အခါကျတော့ ဒီစနစ်က ဘယ်လိုမျိုးဖြစ်တာလဲ ဆိုပြီးတော့ အဲ့အပေါ်မှာ စိတ်မကောင်းဘူးဗျ"

ကနေဒါနိုင်ငံအခြေစိုက် Forum Of Federations (FOF) က ပညာရှင်တွေဟာ ဖက်ဒရယ်စနစ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ ချရေး၊ အာဏာခွဲဝေရေး စတဲ့ခေါင်းစဉ်တွေနဲ့ ပြည်နယ်တော်တော်များများမှာ ဆွေးနွေးဟောပြောနေတာဖြစ်ပါတယ်။

ကလေးမြို့မှာ မနေ့ကစပြီး ၂၃ ရက်နေ့အထိ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဖို့ မြို့နယ်ရုံးထံ တင်ပြခဲ့ပြီး မြို့နယ်တာဝန်ရှိသူတွေက ခွင့်ပြုခဲ့တဲ့အတွက် ကျင်းပခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို ချင်းနိုင်ငံရေးခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်တွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်လောက်က ကိုယ်စားလှယ်တွေ တက်ရောက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။