ကလေးမြို့နယ်မှာ စစ်တပ်က အကျအဆုံး များပြီးနောက် အင်အားတိုးဖိတိုက်နေ
2021.07.18
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကနေ မိုင်ပေါင်း ၃၀ လောက်ဝေးတဲ့ အရှေ့စည်း၊ ဒိုးနွယ်၊ ကျောက်ဖူး၊ တင်ဒါး စတဲ့ ကျေးရွာတွေမှာ ဇူလိုင် ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ဒေသခံ PDF တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်တွေက အရှေ့စည်းရွာကနေ တပ်စွဲပြီး ဒိုးနွယ်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို မနေ့ကစပြီး ရွာထဲဝင် တစ်အိမ်တက်ဆင်း ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ အမည် မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
" သူတို့က လက်နက်ကြီးတွေနဲ့ အချက်ပေါင်း တော်တော်များတယ် ပစ်ပြီးတော့ ရွာထဲကို ဝင်သွားကြ တယ်။ ရွာထဲရောက်တော့ PDF နဲ့ ဆက်တိုက်ဖြစ်ကြတယ်။ ရွာပြင်မှာလည်း ဆိုင်ကယ်တွေ၊ တဲတစ်တဲ ကိုလည်း မီးပုံရှို့ခဲ့တယ်။ ၅ နာရီဝန်းကျင်လောက်ကနေ စဖြစ်တာ။ စစ်တပ်က အရှေ့စည်းရွာမှာ တပ်ကူတွေ လာထားတယ်လေ။ တပ်ကူကများတော့ PDF တွေပဲ ကျတယ်။ အခုရွာသားတစ်ချို့လည်း အဖမ်းခံထားရတယ်။ ရွာထဲမှာတော့ တစ်အိမ်တက်ဆင်း လိုက်ရှာနေကြတယ်။ ဘုန်းကြီးကျောင်းမှာ အခု တပ်စွဲထားတယ်။ ဘုန်းကြီးကျောင်းက ဒိုးနွယ်ရွာထဲမှာ "
ဇူလိုင်လ ၁၅ ရက်ကနေ ၁၆ ရက်နေ့အထိ နှစ်ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကလေးမြို့ PDF က ထုတ်ပြန်ပါတယ်။
ကလေး PDF ဘက်က နှစ်ဦးနဲ့ အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး PDF တပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က သေဆုံးထိခိုက်တာတွေ များတာကြောင့် စစ်ကူအင်အားတွေ ထပ်ခေါ်ပြီး လက်နက်ကြီး တွေနဲ့ အရင်ပစ်ခတ်နေသလို ရွာထဲ ဝင်ဖမ်းတာတွေရှိနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ရွာနီးစပ်က ဒေသခံ ခုနစ်ထောင်ကနေ တစ်သောင်းကြားတို့ဟာ ဘေးလွတ်ရာ ထွက်ပြေး နေကြရတယ်လို့ အမည်မဖော်လိုတဲ့ ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
" အားလုံး အခု လေးရွာပေါ့၊ ခုနစ်ထောင်နဲ့ တစ်သောင်းကြားမှာရှိမယ်။ မြစ်ကမ်းနံဘေးကနေ လက်နက်ကြီး တွေနဲ့ ၈၀ မမ တွေနဲ့ လှမ်းထုတော့ ကျွန်တော်တို့လည်း အားလုံး နောက်ဆုတ် ခိုင်းထားတယ်။ သူတို့လည်း ရှောင်နေကြတယ်။ မနေ့က ညဦးပိုင်းကနေ တောက်လျှောက်ပစ်တယ်။ ကျွန်တော်တို့ထည်း ထိတွေ့တိုက်ပွဲမဖြစ်တော့ဘူး။ ဟိုရှောင်၊ ဒီရှောင်နဲ့ ရှောင်နေကြတယ် "

စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ရော သေနတ်တွေနဲ့ပါ ပစ်ခတ်တာတွေကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရတယ်လို့ အမည်မဖော်လိုတဲ့ အရှေ့စည်းရွာသား တစ်ယောက်ကလည်း RFA ကို ပြောပါတယ်။
" ကျွန်တော်တို့ အရှေ့စည်းရွာမှာ တပ်စွဲပြီးမှ အရှေ့စည်းရွာမှာပဲ တိုက်ပွဲကဖြစ်တာလေ။ တင်သား၊ ဒိုးနွယ်၊ ကျောက်ဖူး အနီးအနား ရွာတွေ အကုန်ပြေးရတာပေါ့ဗျာ။ ကျွန်တော်တို့ရွာဆိုရင် ခန့်မှန်းခြေ လေးထောင်လောက်ရှိတယ်၊ တစ်ရွာလုံးပြေးရတယ်။ ရုတ်တရက် ပြေးရတာဆိုတော့ ဆန်တစ်ပြည်၊ နှစ်ပြည် လောက်ပဲ ပါတော့ မျှဝေပြီးစားနေရတယ်။ တဲတစ်လုံးမှာ လူ နှစ်ဆယ်သုံးဆယ် နေရတယ်။ မြေကြီးတွေမှာလည်း အိပ်ရတယ်။ တောထဲမှာအသီးအရွက်ခူးပြီးတော့ ချက်စားရတယ် "
ထွက်ပြေးနေသူတွေထဲမှာ ကလေးငယ်တွေ၊ ကျန်းမာရေးမကောင်းသူတွေ၊ အသက်ကြီးငယ်ရွယ်အိုတွေနဲ့ သံဃာတော်တွေ အများဆုံး ပါဝင်ကြပါတယ်။ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးတိမ်းရှောင်ရတာကြောင့် ဆေးဝါးနဲ့ အစားအသောက် ပြတ်လပ်တာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ အခုကာလဟာ တောင်သူတွေရဲ့ လယ်စိုက်တဲ့ရာသီ ဖြစ်တာကြောင့် စိုက်ပျိုးဖို့လုပ်နေတဲ့ လယ်ဧက နှစ်ထောင်ခန့်ကို ဒီအတိုင်းပစ်ထားခဲ့ရတယ်လို့ ထွက်ပြေးသိမ်းရှောင်နေရတဲ့ တောင်သူတွေက ပြောပါတယ်။
" အနီးနားက စစ်ကူတွေ ရောက်လာရင်တော့ ကောင်းမယ်။ လူ အင်အား၊ လက်နက် အင်အား မမျှတော့လေ။ ကျွန်တော်တို့က တူမီးလောက်နဲ့ပဲ ပစ်နေရတာ "
စစ်ကောင်စီဘက်က အထိအခိုက်များခဲ့တဲ့နောက် အလုံးအရင်းနဲ့ ပြန်ပစ်နေတာမို့ ဒေသခံ PDF ဘက်က ပြန်လည်ခုခံတာတွေ ရပ်ထားတယ်လို့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
" လက်နက်ကြီးတွေနဲ့ တအားထုနေတာ၊ သူတို့က စစ်ကူတွေ ရောက်လာတယ်လေ။ သူတို့က ကုန်းကြောင်းအတိုင်း လာတာ။ ဒါပေမဲ့ ရေကြောင်းကနေလည်း လှေတွေရှာနေကြတယ်။ PDF တွေ ကလည်း စိုးရိမ်လို့ လှေတွေကို ဖွက်ထားကြတယ်။ အခုက တင်းမာနိုင်တဲ့အနေအထား ရှိတယ်။ စစ်သားတွေက တပ်ကူတွေနဲ့လာတာဆိုတော့ အနီးနားက စစ်ကူတွေ ရောက်လာရင်တော့ ကောင်းမယ်။ လူ အင်အား၊ လက်နက် အင်အား မမျှတော့လေ။ ကျွန်တော်တို့က တူမီးလောက်နဲ့ပဲ ပစ်နေရတာ "
ဒီနေ့ ဇူလိုင်လ ၁၈ ရက် မနက်ပိုင်းမှာတော့ PDF ဘက်က လက်လျှော့ထားတာကြောင့် နှစ်ဘက် အပြန်အလှန် တိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီတပ်သားတွေကတော့ ရွာတွေထဲ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးဘက်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းလိုင်းဆက်သွယ်လို့မရပါဘူး။
ကလေးမြို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဒဏ် အဆိုးဆုံးခံနေရတဲ့ မြို့လည်းဖြစ်ပါတယ်။ အခုလို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် ဒေသခံတွေ စုရုံးထွက်ပြေးကြရတဲ့အတွက် ရောဂါပိုး ကူးစက်ခံထားရသူ ရှိနေခဲ့ရင် ပိုပြီး ကူးစက်မှုမြန်သွား နိုင်တယ်လို့လည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။
" စစ်ကောင်စီက သုံးနေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ရွာဘက်ကို စိန်ပြောင်းလို RPG လိုမျိုးတွေနဲ့ ပစ်နေတယ် "
ကိုဗစ်ဝေနာရှင်တွေ ကုသနေဆဲ အခြေအနေတွေ ဖြစ်တာကြောင့် စစ်ကောင်စီ အနေနဲ့ တိုက်ပွဲတွေရပ်တန့်ပြီး ကောင်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းစေချင်လို့ အမည်မဖော်လိုတဲ့ ဒေသခံ ရွာသားတစ်ဦး က ပြောပါတယ်။
" စစ်ကောင်စီက သုံးနေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ရွာဘက်ကို စိန်ပြောင်းလို RPG လိုမျိုးတွေနဲ့ ပစ်နေတယ်။ ကလေး PDF တွေကတော့ တောတောင်ထဲ ရှောင်တိမ်းကုန်ကြပြီ။ ဒိုးနွယ်ရွာက ငယ်မွေးခြံပေါက်တွေကတော့ သူတို့ရွာကို အသက်ပေးပြီးတော့ ကာကွယ်မယ်လို့ ပြောတယ်ဗျ။ အစက အေးချမ်းနေကြတာ။ အခု ကိုဗစ်တွေကလည်းဖြစ်နေ၊ မထိန်းနိုင်၊ မသိမ်းနိုင် အခြေအနေမှာ ဆေးဝါးတွေ ကအစ အခက်အခဲဖြစ်တယ်ဗျ စစ်ကောင်စီက လက်နက်ကြီးတပ်ရင်းတွေကို ခေါ်နေတယ်ပြောတဲ့ အတွက် ကျွန်တော်တို့ဒေသတစ်ခုလုံးမှာရှိတဲ့ တောနေ လူတန်းစား အကုန်လုံးဟာ လက်နက်ကိုင် လမ်းစဉ် ကျင့်သုံးနေတဲ့သူတွေ မဟုတ်တဲ့အတွက် သူတို့လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ သက်ကြီး ရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကိုဗစ်ရောဂါ ခံစားနေရတဲ့ပုဂ္ဂိုလ်တွေအတွက် သက်ညှာ ပေးစေ ချင်တာပေါ့ဗျာ စစ်ကောင်စီအနေနဲ့ တောင်းပန်ချင်တာပေါ့ဗျာ "
တိုက်ပွဲဖြစ်ပွားတဲ့ ကလေးမြို့တောင်ပိုင်းကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်ဖို့ကြိုးပမ်းနေတဲ့ အတွက် ကလေး PDF တပ်ဖွဲ့ဘက်က ပြန်လည်ခုခံဖို့ ပြင်ဆင်နေတာကြောင့် ကလေးမြို့နဲ့ ဂန့်ဂေါမြို့ကြား သွားလာတဲ့ ကားတွေအနေနဲ့ မဖြစ်မနေ မှန်တွေကို ချပြီး မောင်းနှင်ပေးကြဖို့ ကလေး PDF တပ်ဖွဲ့ဘက်က အသိပေး ထုတ်ပြန်ထားပါတယ်။