ကလေးမြို့မှာ အဖမ်းခံရတဲ့ ချင်းလူငယ် ၂၄နာရီအတွင်း သေဆုံး

ခက်မာ(ဝါရှင်တန် ဒီစီ)
2021.06.28

စစ်ကိုင်းတိုင်း ကလေးမြို့ တပ်ဦးသီတာရပ်ကွက်က အသက် ၂၆ နှစ်အရွယ် ချင်းအမျိုးသား ဆလိုင်း ဗန်ထာကျုံး (ခေါ် ) ကိုဇော်ထက်ဟာ ကလေးမြို့ သူနေတဲ့အဆောင်မှာ ဇွန်လ ၂၅ ရက်နေ့လယ်ခင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပြီး သူ့ရဲ့ဖခင် အသက် ၄၇ နှစ် အရွယ် ဦးဇော်မြင့်လည်း နေအိမ်မှာ အဖမ်းခံခဲ့ရပါတယ်။ ဘာအကြောင်းပြချက်နဲ့ သူတို့ အဖမ်းခံခဲ့ရတာလည်းဆိုတာတော့ မသိရပါဘူး။

နောက်တစ်နေ့ ဇွန်လ ၂၆ ရက် နေ့လယ် တစ်နာရီအချိန်လောက်မှာတော့ ဆလိုင်း ဗန်ထာကျုံး ကိုဗစ်ရောဂါနဲ့ သေဆုံးသွားပြီး အလောင်းလာကြည့်ဖို့ စစ်ကောင်စီဘက်က အကြောင်းကြားလာတယ်လို့ သူရဲ့ မိခင်က RFA ကို ပြောပါတယ်။

ဆလိုင်း ဗန်ထာကျုံး ပရဟိတလုပ်ငန်းတွေ လုပ်နေသူတစ်ဦးဖြစ်ပြီး အဖမ်းမခံရခင်က ကျန်းမာရေး ကောင်းမွန်သူဖြစ်တယ်လို့ မိခင်က ပြောပါတယ်။

သူ့ကို ဒေသကွပ်ကဲရေးစခန်းမှာ စစ်ဆေးတဲ့အခါ ရိုက်နှက်ခံရလို့ သေဆုံးခဲ့ရတာလို့ မိသားစုဝင်တွေက ယူဆ နေကြပါတယ်။ အခုလို သားဖြစ်သူ အမှတ်မထင်ပဲ သေဆုံးခဲ့လို့ အဖမ်းခံနေရတဲ့ ဆလိုင်း ဗန်ထာကျုံးရဲ့ ဖခင် ဦးဇော်မြင့်ရဲ့ အသက်အန္တရာယ်ကိုလည်း မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ လောလောဆယ် ဦးဇော်မြင့်ဟာ ကလေးမြို့ ဒေသကွပ်ကဲရေးစခန်းမှာရှိပြီး ဖုန်းနဲ့တစ်ကြိမ်ပဲ ဆက်သွယ်ခွင့် ရခဲ့တယ်လို့ မိသားစုက ပြောပါတယ်။ ဦးဇော်မြင့်ကို အမြန်ဆုံးပြန်လွတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထား ကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့က စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းတွေမှာ ၂၄ နာရီ မပြည့်ခင် သေဆုံးခဲ့ရသူ သုံးယောက်ရှိသွားပါပြီ။ သေဆုံးသူတွေက ဆလိုင်း ဗန်ထာကျုံးအပါအဝင် မမိုင်နွမ်ဇာထီးယန်းနဲ့ ကိုမင်းမင်း တို့ဖြစ်ပါတယ်။ ကိုမင်းမင်းတစ်ဦးကလွဲပြီး ကျန်နှစ်ဦးဟာ ကိုဗစ်ရောဂါကြောင့် သေဆုံးတယ်ဆိုကာ စစ်ကောင်စီဖက်က သတင်းထုတ်ပြန်ထားပါတယ်။ ဆလိုင်း ဗန်ထာကျုံး ကိုဗစ်ရောဂါကြောင့်သေတာ ဟုတ်၊ မဟုတ် ကိုဗစ်ဖြစ်ကြောင်း သက်သေအထောက်ထားတွေ ရှိ၊ မရှိဆိုတာတွေ သိနိုင်အောင် စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်း မပြန်ပါဘူး။ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူတွေ များလာနေပေမယ့်လည်း စစ်ကောင်စီကို ဆန့်ကျင်သူတွေက လျော့မသွားတဲ့အပြင် တိုးလာနေတယ်လို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ သေဆုံးသူ ၈၈၃ယောက် ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း (AAPP) က ဇွန် ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။