ကလေးမြို့ ချောင်းခွရွာမှာ မီးရှို့ခံထားရတဲ့ သားအမိသုံးဦး အလောင်းတွေ့
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း ချောင်းခွကျေးရွာက သားအမိသုံးယောက်ဟာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ယာတောထဲကို ထွက်ပြေးပုန်းရှောင် နေစဉ်မှာပဲ သတ်ဖြတ်ခံခဲ့ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ အသက် ၄၀ အရွယ် မိခင်ဖြစ်သူ ဒေါ်ငွန်ဇာလဲန်နဲ့ သမီးနှစ်ဦးဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် မိုင်သီယန်နွန်ကြွယ်၊ အသက် ၁၄ နှစ်အရွယ် မိုင်ငွန်ဇာသီယန်တို့ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက် မနေ့ မနက်ပိုင်းမှာ မီးရှို့ခံထားရတဲ့ သူတို့ရဲ့ ရုပ်အလောင်းကို ယာတောထဲမှာ တွေ့ရှိခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းခွ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
“မြစ်နဲ့ ခွေကျိန်ချုံရွာကြားထဲမှာ ယာခင်းတွေရှိတယ်။ အဲဒီယာတဲမှာ နေကြတယ်။ သတင်းတွေဘာတွေ ကြားတဲ့အခါ တဲကနေ ယာခင်းတွေထဲမှာ သွားပုန်းတယ်တဲ့။ အဲဒီပုန်းတာကနေ တစ်ယောက်ကို တွေ့သွားတယ်။ မိုးလည်းချုပ်တော့မယ်။ ကလေးတွေလည်း ခေါ်လိုက်ပါ ဆိုပြီးတော့ ခေါ်ခိုင်းတယ်။ ဖုန်းနံပါတ်တွေလည်း တောင်းပြီးတော့ ခေါ်တယ်တဲ့။ လာခဲ့ကြပါ၊ ဘာမှ မလုပ်ဘူး။ ယာခင်းထဲမှာ မနေနဲ့၊ တဲထဲမှာ နေပါဆိုပြီး ခေါ်တယ်။ နောက်နေ့မနက် သူတို့ ထွက်သွားတဲ့ အချိန်မှာ အမျိုးသမီးငယ် နှစ်ယောက်နဲ့ သူ့အမေကို ခေါ်သွားတယ်။ ခေါ်သွားပြီး သိပ်မကြာခင်မှာ ခပ်လှမ်းလှမ်းမှာ သေနတ်သံ သုံးချက်ကြားတယ်။ မီးရှို့တာတွေလည်း တွေ့တယ်။ နောက်နေ့ ၂၄ ရက်နေ့ မနက်ပိုင်းမှာ သွားရှာရင်းနဲ့ မီးလောင်တဲ့ အလောင်းသုံးလောင်းကို တွေ့တာပေါ့”
အင်အား ၇၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နတ်ချောင်းဘက်ကနေ သူတို့ဒေသဘက်ကို ဦးတည်လာနေတယ် ဆိုတဲ့သတင်းကြောင့် ချောင်းခွကျေးရွာအပါအဝင် ခွေကျိန်၊ ငဖား၊ အောင်ချမ်းသာစတဲ့ ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ ယာတောနဲ့ လယ်တောတွေထဲကို ထွက်ပြေးပုန်းအောင်း နေခဲ့ကြတာလို့ဆိုပါတယ်။
အဲဒီလိုထွက်ပြေးရာမှာ အမျိုးသားတွေက ဝေးတဲ့နေရာတွေကို ထွက်ပြေး တိမ်းရှောင်ကြပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေကတော့ ရွာအနီးအနားမှာရှိတဲ့ ယာတောထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းဟာ ခွေကျိန်ကျေးရွာအနီးက ယာတောတဲတွေမှာ တစ်ည စခန်းချပြီးနောက် ယာတောတဲခိုလှုံနေတဲ့ ချောင်းခွာရွာက ဒေါ်ငွန်ဇာလဲန်တို့ သားအမိ သုံးဦးကို ဖမ်းခေါ်ဆောင်သွားကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း မီးရှို့ခံထားရတဲ့နေရာကို သွားရောက် စစ်ဆေး ခဲ့ကြတယ်လို့ ကလေး-ကဘော် -ဂန့်ဂေါ ဒေသကာကွယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
"ယာတောအတွင်းမှာရှိတဲ့ တဲအိမ်တစ်ခုအတွင်း ကနေပြီးတော့ သေနတ်သံ သုံးချက် ကြားပြီးနောက်မှာ အဲဒီတဲအိမ်ကို စစ်ကောင်စီတွေက မီးရှို့ဖျက်ဆီး ခဲ့တာဖြစ်ပါတယ်။ ဒါကို နောက်နေ့မှာ CDF KKG နဲ့ CNDF ကနေပြီးမှ မီးရှို့ခံရတဲ့ တဲအိမ်ကို သွားရောက် စစ်ဆေးကြည့်တဲ့အခါမှာ အခုလို မီးလောင်ကျွမ်းပြီး ပြာကျနေတဲ့ အရိုးစုတွေကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်"
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်မေးမြန်းရာမှာ ဒီဖြစ်စဉ် မရှိဘူးလို့ ပြန်လည်တုံ့ပြန်ပါတယ်။
" မနေ့ကတော့ ကလေးဘက်မှာတော့ သံဖိုရွာအနောက်ဘက် မီတာ ၁၅၀၀ လောက်မှာ PDF အကြမ်းဖက်အဖွဲ့တွေ အခြေပြုနေထိုင်တဲ့ တဲ ၁၃ လုံး သိမ်းဆည်းရမိတာရှိတယ်။ အဲဒီအထဲမှာ လက်လုပ်မိုင်းတွေ၊ ယမ်းကြိုးတွေ၊ ကျည်တွေ သိမ်းဆည်းရမိတာရှိတယ်။ အဲဒီတိုက်ပွဲပဲ ဖြစ်ခဲ့တာရှိတယ်။ ကျန်တဲ့ဖြစ်စဉ်မရှိပါဘူး"
မီးရှို့ခံထားရတဲ့ အမျိုးသမီးသုံးဦးရဲ့ အရိုးစုတွေကို ဖေဖော်ဝါရီ ၂၄ ရက် မနေ့ ညနေ ၄ နာရီမှာ မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။