ကချင် ကျောင်းသားငယ်တွေ ညှဉ်းပန်းခံနေရ
2011.08.03

ဒီကလေးတွေအကြောင်းနဲ့ ပတ်သက်ပြီး မနေ့က ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ ကချင်ပြည်နယ်အရေး လှုပ်ရှားနေသူ NDF ပါတီ လွှတ်တော်အမတ် ဒေါ်ဘောက်ဂျာက အခုလို ပြောပါတယ်။
“တချို့က ယုဇန ကုမ္ပဏီကြောင့် လယ်မြေ အသိမ်းခံရတဲ့ သားသမီးတွေပါ။ လယ်မဲ့ယာမဲ့ အလုပ်လက်မဲ့ ကြောင့် အဆင်မပြေဘူး ဖြစ်နေတယ်။ တချို့တွေဆို မိဘ မစုံလင်တာတွေလည်း ပါတယ်။ ဒါ့ကြောင့်လဲ ဒီကလေးတွေအတွက် ရွာက ဝိုင်းထောက်ပံ့ပီး အိမ်တအိမ် ငှားထားပီး ကျောင်းနေနိုင်ဖို့ စီစဉ်ပေးထားတယ်။ အဲဒါကို ကျောင်းဆရာမတွေက ငွေကောက်တော့ မပေးနိုင်ဘူးဆိုပြီး လေးယောက် ထွက်သွားတယ်။ အခု ကျန်နေတဲ့ ကလေးတွေကိုလည်း ပိုက်ဆံမပေးရင် အတန်းထဲမှာ ရပ်ခိုင်းထားတာမျိုး။ မင်းတို့ကို ငါတို့က ကန်တော့ပြီး တောင်းရမလားဆိုပြီး အရှက်ခွဲတာမျိုးတွေပေါ့။ မိန်းကလေးတွေက ပိုရှက်တာပေါ့။ ရှက်တော့ ကျောင်းမသွား ရဲတော့ဘူး။ ကျမကတော့ ကချင်ပြည်နယ် ဝန်ကြီးဆီကို ၁ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြား ထားလိုက်တယ်”
အဲဒီ ကျောင်းသားတွေဟာ ရပ်ရွာရဲ့ ကူညီထောက်ပံ့မှုနဲ့ ပညာသင်ကြား နေရတာဖြစ်ပြီး မူလတန်း ကနေ အထက်တန်း အထိ စုစုပေါင်း ၂၈ ဦးရှိကြောင်း သိရပါတယ်။ ကျောင်းက ကောက်ခံတဲ့ငွေဟာ ကျောင်းသားတွေ အတွက် အလွန်များပြား လွန်းတာကြောင့် ကလေးတွေ စိတ်ဆင်းရဲ နေကြကြောင်းလဲ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
“တောင်းတာက စာရွက်စာတမ်း မိတ္တူကူးခဆိုပြီးတော့ လေးထောင်။ ကျောင်းဆောင်သစ် ဆောက်ရေး ဆိုပြီးတော့ သုံးထောင်။ ကျောင်းသား တံဆိပ် အတွက် တစ်ထောင်ကောက်တယ်။ ကျောင်းအပ်တာက တစ်သောင်းခွဲလောက် ကုန်တယ်။ ဝါဆို သင်္ကန်းကပ် အတွက် တစ်ယောက် ငါးရာ မထည့်မနေရ။ ရေပုန်းကြေး၊ လစဉ် စာမေးပွဲ စာရွက်စာတမ်းကြေး၊ ကိုးတန်းကျောင်းသားတွေ ဆိုရင်လည်း သမိုင်းစာအုပ်ကြေး ဆိုပြီးတော့ လေးထောင့်ရှစ်ရာ ကောက်တယ်။ အဲဒီလို ကောက်တဲ့ အတွက် ကလေးတွေမှာ စိတ်ဒုက္ခ ရောက်ရတာ ပေါ့နော်”
ဒီကျောင်းသားတွေရဲ့ အခက်အခဲ ပြေလည်စေဖို့ ရပ်ရွာမိဘတချို့နဲ့ ဒေါ်ဘောက်ဂျာ တို့ ဆွေးနွေးတိုင်ပင်ပြီး ကျောင်းသား တစ်ဦးကို ကျပ်ငွေ တစ်သောင်းနှုန်း နဲ့ ကျောင်းသား ၂၂ ဦးကို ကူညီခဲ့ကြောင်း သိရပါတယ်။