ယုဇနကုမ္ပဏီကို မြေပိုင်ရှင်တွေ တရားစွဲ
2010.09.25

မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းက ရှထူးစွပ်၊ ကောင်ရာ၊ ဘန်ကောက်နဲ့ နမ့်ဆန်ကျေးရွာက လျော်ကြေးငွေ တပြားမှ မရသေးတဲ့ မြေပိုင်ရှင် ၁၇ ယောက်က ရှေ့နေ အကူအညီနဲ့ ပြည်နယ်တရားရုံးမှာ တရားစွဲထားတာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က ပြောပြပါတယ်။
“အရင်တုံးကဆိုရင် တဧကကို ၂ သောင်းနှုန်းပဲ ပေးထားတယ်၊ မပေးတဲ့လူတွေလည်း အများကြီးပဲ။ အခုတော့ တဧကကို ၈ သောင်းနှုန်းနဲ့ ရကြတယ်လို့ သိရတယ်။ အဲဒီမှာ မရသေးတဲ့ ၁၇ ယောက်နဲ့ မြစ်ကြီးနားမှာ တရားမ နစ်နာမှု စွဲထားပါပြီ။ မြစ်ကြီးနား ပြည်နယ်တရားရုံးမှာ လက်ရှိ တရားစွဲထားပါတယ်။ ပထမရုံးချိန်းက ၂၀ ရက်နေ့ကပဲ တရားပြိုင်ကို ခေါ်ပါတယ်။ အရင်လ လကုန်ခါနီးလောက် သွားတင်တာပါ။ တင်ပြီးတော့ ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ရုံးချိန်းတချိန်း ချိန်းပါတယ်။ အဲဒီရုံးချိန်းမှာ တရားပြိုင်ကို ရုံးချိန်း ခေါ်ထားပါတယ်။ မရောက်သေးပါဘူး”
မြေပိုင်ရှင်တွေက ရှေ့နေ အကူအညီနဲ့ ယုဇနကုမ္ပဏီကို အခုလို တရားစွဲတဲ့အခါမှာ ကုမ္ပဏီ ဥက္ကဌ ဦးဌေးမြင့်က သူ့ရဲ့ နာမည်ကို ပယ်ဖျက်ပေးဖို့ အကျိုးဆောင် ရှေ့နေကတဆင့် တောင်းဆိုခဲ့တာကို သူတို့အနေနဲ့ လက်မခံနိုင်ဘူးလို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။
“၂၀ ရက်နေ့ ရုံးချိန်းမှာ ကျနော်နဲ့ တွဲပြီးတော့ လုပ်ပေးနေတဲ့ တရားရုံးချုပ် ရှေ့နေ ဦးရွှေလှကို လွှတ်ပါတယ်။ လွှတ်တဲ့အခါမှာ တဖက် အကျိုးဆောင်ကနေပြီးတော့ ဦးဌေးမြင့်နာမည်နဲ့ ကုမ္ပဏီကို နာမည် ဖျက်ပေးဖို့အတွက် လျှောက်တယ်လို့ ပြောတယ်။ ကျနော်တို့ ဥပဒေအရ ဖျက်ခွင့်မရှိပါဘူး။ ကျနော်တို့က ယုဇန ကုမ္ပဏီကို တိုက်ရိုက် စွဲတာပါ။ ဥက္ကဌ၊ ယုဇနကုမ္ပဏီ ဆိုပြီးတော့ စွဲတာ ဖြစ်တဲ့အတွက် ဖျက်ပေးလို့ မရပါဘူး”
တရားမ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉ နဲ့ မြန်မာနိုင်ငံ တရားရေးဥပဒေ ပုဒ်မ ၁၃ (၃) အရ နစ်နာတဲ့ တောင်သူတွေကို ပေးဖို့အတွက် ဥပဒေ ပြဌာန်းထားတဲ့ တရားစွဲခွင့် ရှိသလို နစ်နာတာတွေကိုလည်း ရပိုင်ခွင့် ရှိတယ်လို့ ရှေ့နေဦးမြင့်သွင်က ရှင်းပြပါတယ်။ ဒါကြောင့် တောင်သူတွေရဲ့ လယ်မြေဧကတွေ၊ စိုက်ပျိုးထားတဲ့ သီးနှံ ဆုံးရှုံး နစ်နာတာတွေနဲ့ နောက် ၂ နှစ်ကျော်လောက် ဘာမှ လုပ်ကိုင်မစားရတဲ့ ကာလတွေအတွက် နစ်နာကြေးအဖြစ် ရနိုင်တဲ့အကြောင်းကို ရှေ့နေဦးမြင့်သွင်က ဥပဒေကြောင်းအရ တွက်ချက် ရှင်းပြပါတယ်။
“လယ်မြေဧကတွေမှာ ဦးပိုင်အမည် ပေါက်တယ်၊ သီးနှံစိုက်ပျိုးခွင့် ရထားတယ်၊ နောက်တခုက ဒီလယ်မြေတွေဟာ ဘိုးဘွားပိုင်တွေ ဖြစ်တယ်။ အဲဒါတွေ ဆုံးရှုံး နစ်နာတာတွေကို သူတို့မှာ ဥပဒေအရ ပြဌာန်းထားတဲ့အတွက် ကုမ္ပဏီကလည်း ထိုက်သင့်တာကို ပေးလျော်ဖို့ တာဝန်ရှိပါတယ်။ မြေတဧကကို တသိန်း တန်တယ်ဆိုရင် အဲဒီ တဧကကို စပါးစိုက်မယ် သီးနှံစိုက်မယ်ဆိုရင် တနှစ်ကို ၂ သိန်းရတယ်။ ၂ နှစ် ဆိုတော့ ၄ သိန်းလောက် နစ်နာနေပြီ။ နောက် မြေဧကကလဲ တဧကကို တသိန်းလောက် ၊ ဥပမာ မြေရိုင်းတခု ပြန်ဖော်ရင် တဧကကို တသိန်းခွဲလောက် ကုန်တယ်။ အဲဒီတော့ တဧကကို ၅ သိန်းနှုန်းနဲ့ တွက်နေရင်ကိုပဲ တချို့မှာ ၅ ဧက ၁၀ ဧက၊ ဧက ၂၀ အဲဒါမျိုးတွေ”
ကုမ္ပဏီက လျော်ကြေးငွေအဖြစ် တဧက ၈ သောင်းနှုန်းနဲ့ မြေပိုင်ရှင် ၅၀ဝ လောက်က လွန်ခဲ့တဲ့လက ရရှိခဲ့ပေမယ့် ကောင်ရာရွာက တောင်ယာ တဧကအတွက်တော့ သုံးသောင်းကျော်ပဲ ရတယ်လို့ မြေပိုင်ရှင်တယောက်က ပြောပြပါတယ်။
“ကျနော်ကတော့ ဧက ၁၃၀ ကျော်တယ်။ ကျနော်တို့ ကောင်ရာကတော့ တဧကကို သုံးသောင်းခွဲနဲ့ ပေးပါတယ်။ နည်းတာတော့ နည်းတာပေါ့။ ပေးတာက အဲဒီလောက်ပဲ ပေးတာကိုး။ ကျနော်တို့လည်း တောင်းတာတော့ အနည်းဆုံး ငါးသောင်းတော့ ပေးကြပါ၊ တောင်ယာဆိုတာကလည်း ကျနော်တို့ တခြားလူငှားပြီး ခုတ်ရင်လည်း ဒီလောက်တော့ မကဘူး၊ တခြားမြေကတော့ လယ်စားပြန်ပေးမယ် ဆိုပြီးတော့ အခု လုပ်နေတာပဲရှိတယ်။ ရွာနဲ့ကတော့ သုံးမိုင်လောက် ရှိပါတယ်။ အခုအချိန်ထိတော့ ပြန်ပေးတာတော့ မရှိဘူး”
အခု တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်လို့ လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ အမှု ပြန်ချိန်းထားတယ်လို့ သိရပါတယ်။ယုဇနကုမ္ပဏီဟာ ၂၀ဝ၇ ခုနှစ်က ဟူးကောင်းချိုင့်ဝှမ်းမှာရှိတဲ့ မြေလွတ်မြေရိုင်း အပါအဝင် ဒေသခံတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေယာ ဧက ၂ သိန်းဝန်းကျင်ကို သိမ်းပိုက်ခဲ့ပြီး အခုအခါ အဲဒီ သိမ်းထားတဲ့ မြေနေရာတွေပေါ်မှာ ပလောပီနံနဲ့ ကြံခင်းတွေ စိုက်ပျိုးထားတယ်လို့ သိရပါတယ်။